ထိုင်းနိုင်ငံမှာ အစိုးရဆန့်ကျင်ဆန္ဒပြသူနေသူတွေက အစိုးရပြုတ်ကျရေး ကြိုးပမ်းမှုတွေထဲက နောက်ဆုံးလုပ်ရပ်တခုအဖြစ် နိုင်ငံပိုင် တယ်လီဖုန်း ဆက်သွယ်ရေးရုံးတွေဘက်ဆီ ခရီးဆက်လာနေချိန်မှာပဲ ရဲကလည်း Bangkok မြို့တော်မှာ လုံခြုံရေးကို အထူးတင်းကြပ်ထားပါတယ်။
ဆန္ဒပြသူနေသူတွေဟာ ရဲတပ်ဖွဲ့ဌာနချုပ်တွေ၊ ဝန်ကြီးချုပ်ရုံးနဲ့ တိရစ္ဆာန်ရုံ ကိုတောင် ဝိုင်းဖို့ အစီအစဉ်ရှိတယ်လို့ မြို့တော်ရဲတပ်ဖွဲ့က ပြောပါတယ်။
ဝန်ကြီးချုပ် Yingluck Shinawatra အစိုးရအဖွဲ့ကို ဖြုတ်ချဖို့ ကြိုးပမ်းမှုမှာ စစ်တပ်လည်းပါဝင်အောင် စည်းရုံးတဲ့အနေနဲ့ ဆန္ဒပြသူ တထောင်ကျော်က စစ်ရုံးချုပ်ကို သောကြာနေ့က ဝင်ရောက်ခဲ့ကြတာပါ။ နောက်၂ နာရီအကြာ မှာတော့ သူတို့ အေးအေးဆေးဆေးပဲ ပြန်ထွက်ခွာသွားကြပါတယ်။ ကြည်းတပ် တပ်မှူးချုပ် Prayuth Chan-ocha ကတော့ စစ်တပ်ကို ဘက်လိုက်ဖို့ အတင်းမစည်းရုံးပါနဲ့လို့ တိုက်တွန်းပါတယ်။
ဆန္ဒပြသူနေသူတွေအတွက် တနင်္ဂနွေနေ့ဟာ အောင်မြင်မှုရတဲ့နေ့ ဖြစ်လိမ့်မယ်လို့ အတိုက်အခံခေါင်းဆောင်တွေကပြောပြီး ဝန်ကြီးချုပ်ရုံးကို ဝင်သိမ်းဖို့ နှိုးဆော်ထားပါတယ်။ ဝန်ကြီးချုပ် Yingluck မနှုတ်ထွက်မချင်း ဝန်ကြီးဌာနတွေကို တခုချင်းသိမ်းသွားမယ်လို့ သူတို့က သံန္နိဌာန်ချထားတာပါ။
မစ္စ် Yingluck ဟာ ကြာသပတေးနေ့ကတော့ လွှတ်တော်ထဲမှာ သူ့အပေါ် အယုံအကြည်ရှိ မရှိ မဲခွဲဆုံးဖြတ်တာမှာ သူ့ဘက်ကို ထောက်ခံမှုရခဲ့ပါတယ်။ သူက ရာထူးက ဆင်းပေးဖို့ ငြင်းဆန်နေပြီး ဒီအခြေအနေကနေ ပြေလည်အောင် ဆွေးနွေးညှိနှိုင်းဖို့ တိုက်တွန်းနေတာပါ။ သူက ဆန္ဒပြပွဲတွေကို အင်အားသုံး မရပ်ခိုင်းပါဘူးလို့ ကတိပြုထားပါတယ်ရှင်။