သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အရေးပေါ်အမိန့် ဖီဆန်ပြီး ထိုင်းအနီဝတ်တွေ ဆန္ဒပြ


ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ အရေးပေါ် အခြေအနေ ရုပ်သိမ်းခြင်း မရှိသေးပေမဲ့ ရှပ်နီဝတ် အစိုးရ ဆန့်ကျင်သူတွေက သူတို့ထောက်ခံတဲ့ ဝန်ကြီးချုပ်ဟောင်း တပ်ခ်ဆင် ရှင်နာဝပ် (Thaksin Shinawatra) ကို စစ်တပ်က အာဏာသိမ်းပြီး ဖြုတ်ချခဲ့တဲ့ ၄ နှစ်မြောက် အခမ်းအနားနေ့ အဖြစ်နဲ့ တနင်္ဂနွေနေ့မှာ စုဝေးပြီး ဆန္ဒပြခဲ့ကြပါတယ်။

တချိန်တည်းမှာပဲ မေလ ထိုင်းနိုင်ငံ မြို့လယ်ကောင် ဆန္ဒပြမှုတွေတုန်းက သေဆုံးခဲ့ကြတဲ့ ရှပ်နီဝတ် အဖွဲ့သားတွေအတွက်ပါ ရည်စူးပြီး ဆန္ဒပြခဲ့ကြတာပါ။

ထောင်နဲ့ချီတဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေဟာ နှစ်ဆန်းပိုင်းက သီတင်းပတ်ပေါင်းများစွာ သူတို့ သိမ်းပိုက်ပြီး ဆန္ဒပြခဲ့တဲ့ မြို့လယ် လူစည်ကားရာ ရပ်ချ်ပရာဆွန်အရပ် လမ်းမတွေပေါ်မှာ စုဝေးလာကြသလို အာဏာပိုင်တွေဘက်ကလည်း လုံခြုံရေးတွေကို တင်းတင်းကျပ်ကျပ် ချထားခဲ့ပါတယ်။

ရှပ်နီဝတ် အစိုးရ ဆန့်ကျင်သူတွေဟာ ထိုင်းနိုင်ငံ မြောက်ပိုင်းက မစ္စတာ တပ်ခ်ဆင်ရဲ့ ဌာနေမြို့ဖြစ်တဲ့ သူ့ကိုထောက်ခံသူ အမာခံတွေ နေထိုင်ရာ ချင်းမိုင်မြို့မှာ တနင်္ဂနွေနေ့ ညနေဘက် ကြီးကြီးကျယ်ကျယ် ဆန္ဒပြဖို့လည်း စီစဉ်ထားကြပါတယ်။

ဘန်ကောက်မြို့တော်မှာ အရေးပေါ် အခြေအနေကို အခုထိ မရုပ်သိမ်းသေးတာမို့ လူစုဝေးမှုကို စစ်တပ်က အင်အားသုံးပြီး ဖြိုခွင်းနိုင်တဲ့အပြင် ဖမ်းဆီး ထိန်းသိမ်းမှုတွေလည်း ပြုလုပ်နိုင်ခြေ ရှိနေပါတယ်။

XS
SM
MD
LG