ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့နှစ်တုန်းက အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြတဲ့ ရှပ်နီဝတ် အတိုက်အခံတွေကို စစ်တပ်က ချေမှုန်းခဲ့တဲ့ နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် တနင်္ဂနွေနေ့က ဘန်ကောက်မြို့လယ်မှာ ထောင်နဲ့ချီတဲ့ ရှပ်နီဝတ်တွေ စုဝေးခဲ့ကြပါတယ်။
လူပေါင်း ၂၇,၀၀၀ လောက် ပါဝင်တဲ့ ဆန္ဒပြပွဲဟာ ငြိမ်းငြိမ်းချမ်းချမ်း ရှိခဲ့တယ်လို့ ထိုင်းရဲတွေက ပြောပါတယ်။
ဆန္ဒပြသူတွေဟာ မနှစ်က မတ်လကနေ မေလအထိ သီတင်းပတ် ၁၀ ပတ်ကြာ သူတို့ သိမ်းပိုက်ခဲ့တဲ့ မြို့လယ် လူစည်ကားရာ နေရာကို ချီတက်ခဲ့ကြပြီး နောက်ပိုင်းမှာတော့ သမိုင်းဝင် ရပ်ကွက်တွေဆီ ရွှေ့ပြောင်းသွားခဲ့ကြပါတယ်။
ပြီးခဲ့တဲ့နှစ် ဆန္ဒပြပွဲမှာ အကြမ်းဖက်မှုတွေကြောင့် အဖမ်းအဆီး ခံခဲ့ရတဲ့ ရှပ်နီဝတ် အတိုက်အခံခေါင်းဆောင် ၁၉ ဦးကို ပြန်ပြီး လွှတ်ပေးဖို့ ဆန္ဒပြသူတွေက တောင်းဆိုခဲ့ကြပါတယ်။ ဒါ့အပြင် ဆန္ဒပြသူတွေနဲ့ ရဲတွေအကြား ဖြစ်ပွားတဲ့ အဓိကရုဏ်းတွေမှာ သေဆုံးခဲ့ရတဲ့ ၉၁ ဦးနဲ့ ပတ်သက်ပြီး စုံစမ်း စစ်ဆေးပေးဖို့လည်း တောင်းဆိုကြပါတယ်။
ဘန်ကောက်မြို့မှာ အရေးပေါ် အခြေအနေ ကြေညာချက် ရုပ်သိမ်းခဲ့ပြီးနောက် ဒါဟာ အာဏာရှင် ဆန့်ကျင်ရေး၊ ဒီမိုကရေစီ ရရှိရေးအတွက် စုစည်းထားတဲ့အဖွဲ့ UFDAD ရဲ့ ဒုတိယ အကြီးဆုံး လူထု ဆန္ဒပြပွဲကြီး ဖြစ်ပါတယ်။
သူတို့ဟာ တလ နှစ်ကြိမ် ပုံမှန် ဆန္ဒပြမယ်လို့ စီစဉ်ထားပေမဲ့ တလ တကြိမ်သာ ပြနိုင်ကြပါတယ်။
အစိုးရ ထောက်ခံတဲ့ PAD အ၀ါဝတ် အဖွဲ့တွေကလည်း အင်္ဂါနေ့မှာ လူထုဆန္ဒပြ စုဝေးပွဲ ကျင်းပမယ်လို့ ကြေညာခဲ့ပါတယ်။