သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂူထဲပိတ်မိနေသူတွေကို ကူညီရင်း ထိုင်းရေငုပ်သမားတဦး သေဆုံး


စေတနာ့ဝန်ထမ်း ကယ်ဆယ်ရေး ထိုင်းရေတပ်ရေငုပ်သမားတဦး ရုတ်တရက်သေဆုံးသွားကြောင်း သတင်းစာရှင်းလင်းစဉ်။
စေတနာ့ဝန်ထမ်း ကယ်ဆယ်ရေး ထိုင်းရေတပ်ရေငုပ်သမားတဦး ရုတ်တရက်သေဆုံးသွားကြောင်း သတင်းစာရှင်းလင်းစဉ်။

ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့က လှိုဏ်ဂူအတွင်း ပိတ်မိနေတဲ့ ကျောင်းသားလေး ၁၂ ဦးနဲ့ နည်းပြတဦးပေါင်း ၁၃ ဦး ကို ဂူထဲကနေ အပြင်ရောက်အောင် ကယ်ဆယ်ရေးလုပ်နေတဲ့ ထိုင်းဘုရင့်ရေတပ်က အငြိမ်းစားတပ်ကြပ် Samarn Kunan ဟာ ဒီနေ့မနက် ရေငုပ်ရင်း အောက်စီဂျင်ပြတ်ပြီး ရုတ်တရက် သတိမေ့မျောရာကနေ သေဆုံး သွားခဲ့ကြောင်း ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။ အိမ်နီးချင်း မြန်မာနိုင်ငံက လူထုကြားမှာလည်း လှိုဏ်ဂူ တွင်းက လူငယ်တွေကယ်ဆယ်ရေး စိတ်ဝင်တစားစောင့်ကြည့်နေကြပြီး ကယ်ဆယ်ရေးမှာ အဖိတ်အစင်မရှိ အောင်မြင်စွာပြီးဆုံးစေဖို့ ဆုတောင်းပေးနေကြသလို ဘေးအန္တရာယ်အတွက်လည်း စိုးရိမ်နေကြရတယ်လို့ ဆိုပါတယ်။ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပ့ိုထားပါတယ်။

ဇွန်လ၂၃ ရက်က စပြီး မယ်ဆိုင်မြို့ နန်းနနွမ်လှိုဏ်ဂူထဲမှာ ပိတ်မိနေတဲ့ ထိုင်းနိုင်ငံက တောဝက်ဘောလုံး အသင်း ဝင် ၁၃ ဦးကို ကယ်ဆယ်နိုင်ရေးအတွက် ထိုင်းအစိုးရနဲ့ ထိုင်းလေတပ်နဲ့ရေတပ်၊ နိုင်ငံတကာ အကူညီ ပေးရေးအဖွဲ့တွေက ကြိုးစားနေချိန်မှာပဲ ရေငုပ်ပြီးအောက်စီဂျင်ဗူးတွေ သယ်ဆောင်ပေးနေရတဲ့ ကယ်ဆယ်ရေး ဝန်ထမ်းတဦး သေဆုံးခဲ့ရတာပါ။

သူဟာ သုဝဏ္ဏဘုမိလေဆိပ်မှာ လုံခြုံရေးတာဝန်ကျနေရာကနေ ကလေးတွေကို ရေငုပ် ကယ်ဆယ်ဖို့ စေတနာ ဝန်ထမ်းအဖြစ်လာကူရင် ဇူလိုင်လ ၆ ရက်နေ့ မနက်အစောကြီး မှာပဲ ရေငုပ်နေရင်း ရုတ်တရက် မေ့မျောပြီး သေဆုံးသွားခဲ့တာဖြစ်ပါတယ်။ အောက်စီဂျင်ပြတ်သွားတကြောင့် သူ အခုလို သေဆုံးခဲ့ရတာဖြစ်ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

ဂူထဲမှာပိတ်မိနေတဲ့ လူငယ် ၁၃ ယောက်ရဲ့ သတင်းတွေကိုအဆက်မပြတ် နားထောင်နေ တဲ့ စစ်တွေတက္ကသိုလ် လက်ထောက်ကတိက ဒေါ်စောစောခိုင်ကတော့ ဒီကလေးတွေ ရဲ့သတင်းတွေကို စာနာစိတ်တွေနဲ့ မပြတ် နားထောင်နေပြီး ကယ်ဆယ်ရေးသမားသေ ဆုံးခဲ့ရတဲ့ ဖြစ်ရပ်ကြောင့် စိတ်ထိခိုက်ရပါတယ်လို့ ပြောပြပါတယ်။

“အရမ်းကိုပဲ စိတ်မကောင်းဖြစ်တယ်။ မြန်မာပြည်တပြည်လုံးကလေ ဒီကလေး ၁၃ ယောက် အပြင် ပြန်ထွက် လာ ဖို့နဲ့ ကလေးတွေအဖိတ်အစင်မရှိဘဲ ကယ်ဆယ်နိုင်ဖို့ နှစ်ဘက်စလုံး၊ ကလေးတွေကော ကယ်ဆယ်ရေး တွေကော နှစ်ဘက်စလုံးဂူအပြင်ကို အောင်အောင်မြင်မြင်ပြန်ထွက်လာဖို့ မြန်မာပြည်ကလူတွေ အားပေးနေတာ အဲဒီအချိန်မှာ အသက် ၃၈ သာရှိတဲ့ မစ္စတာ Samarn Kunan ကဆုံးသွားတယ်။ သူက သုဝဏ္ဏဘုမိမှာ တာဝန် ထမ်း နေရာကလာပြီး စေတနာဝန်ထမ်းအဖြစ် ကလေးတွေကို သူလည်း ကယ် ဆယ် ချင်ပါတယ်ဆိုပြီး သူ့သဘောနဲ့ သူ စာရင်းသွင်းပြီး လာပြီးကယ်ဆယ်တယ်ဆိုတော့ ပိုပြီးဝမ်းနည်းရတယ်။ အဲဒီလို အမူထမ်း တယောက်အနေနဲ့ကော ကလေးတွေ အပေါ်မှာ ထားတဲ့စေတနာတွေကို သူကိုအသိအမှတ်မပြုပဲမနေနိုင်ဘူး။”

ထိုင်းနိုင်ငံက လူမူရေးပညာရေးလုပ်ငန်း လုပ်နေတဲ့ကိုမင်းမင်းကတော့ ကလေးတွေ ပျောက်ဆုံးသွားကတည်းက စိတ်ပူစွာနဲ့ သတင်းတွေမပြတ်နားထောင်နေခဲ့ကြောင်း အခုဖြစ်ရပ်အတွက် စိတ်မကောင်းဖြစ်ရတယ်လို့ ဆိုပါတယ်။

“ပထမကတော့ ကလေးတွေအမြန်ဆုံးထွက်လာစေချင်တယ်။ သူတို့ ဂူထဲမှာ စပိတ် ကတည်းက ကလေးတွေရဲ့သတင်းကို အမြဲ နားထောင်ကြတာ။ စစချင်းတော့ ကလေးတွေ တွေ့ပြီဆိုတာ သိရတယ်။ နောက်တော့ ပြန်ထွက်လာစေချင်တာပေါ့။ ထိုင်းအစိုးရကော၊ ပြည်သူနဲ့ စစ်တပ်ကောအားလုံး တက်တက်ကြွကြွ လုပ်နေကြတာတွေ့တော့ ဝမ်းသာမိတယ်။ အဓိကကတော့ ကလေး ၁၃ ယောက် အမြန် ပြန်ထွက်လာစေ ချင်တယ်။ ပြီးတော့ အခု ဆုံးသွားတဲ့ သူအတွက်လည်း စိတ်မကောင်းဘူး။”

စစ်တွေတက္ကသိုလ်က လက်ထောက်ကတိက ဒေါ်စောစောခိုင်ကတော့ ကလေးတွေကို အမြန်ဆုံး ကယ်ထုတ်နိုင်ရေးကိုပဲ မျှော်လင့်နေတယ်လို့ ဆိုပါတယ်။

“ကျမလိုပဲ မြန်မာပြည်သူအားလုံးကလည်း အခုလို ကလေးတွေကယ်ဆယ်ရေးနဲ့ မစ္စတာ Samarn Kunan သေဆုံးခဲ့ရတာကို ဝမ်းနည်းနေကြလိမ့်မယ်လို့ကျမထင်ပါတယ်။ ကျမကတော့ တကယ်ပဲ ဝမ်းနည်းမိတယ်။ နောက်ဆုံးပြောချင်တာက ဒီကလေးတွေကို အမြန်ဆုံးကယ်ထုတ်နိုင်ဖို့နဲ့ ကယ်ဆယ်တဲ့သူတွေ ဘေးမသီရန်မခ ကယ်ဆယ်နိုင်ဖို့ပဲ ဆုတောင်းနေမိပါတယ်။”

ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းရိုင်ပြည်နယ် မဲဆိုင်မြို့အနီးက ကျောက်လှိုဏ်ဂူအတွင်း ပိတ်မိနေတဲ့လူငယ် ၁၃ ဦးကို ကယ်တင်ဖို့ ချီလီနိုင်ငံက မိုင်းတွင်းလုပ်သားတွေကို ကယ်တင်ခဲ့တဲ့နည်းနဲ့ ကယ်တင်နိုင်ရေး ထိုင်းနိုင်ငံက တာဝန်ရှိသူတွေ ဆောင်ရွက်နေပြီလို့ သိရပါတယ်။

အခုပိတ်မိနေတဲ့ ကျောက်လှိုဏ်ဂူကနေ ရေငုပ်ပြီးသွားဖို့ အခက်အခဲတွေများပြီး အသက်ဘေး စိုးရိမ်ရတာကြောင့် နည်းလမ်းသစ်ကို အကောင်ထည်ဖော်ဖို့ စတင်နေကြောင်း ထိုင်း ရုပ်သံ သတင်း ( The Nation ) ကနေ ဇူလိုင်လ ၅ ရက်နေ့က ဖေါ်ပြသွားပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG