ထိုင်းနဲ့ ရုရှား နှစ်နိုင်ငံကုန်သွယ်ရေးကို လာမယ့်နှစ်ထဲမှာ ၂ ဆတိုး လုပ်ဆောင်သွားမယ်လို့ ထိုင်းဝန်ကြီချုပ် Prayut Chan-O-Cha က ပြောကြားလိုက်ပါတယ်။
၂ နိုင်ငံကြား နှစ်စဉ်ကုန်သွယ်မှုကို ၂၀၁၆ ခုနှစ်ကျရင် ဒေါ်လာ ဆယ်ဘီလီယံအထိ တိုးမြှင့်သွားမှာဖြစ်ကြောင်း ထိုင်းနိုင်ငံကိုရောက်နေတဲ့ ရုရှားဝန်ကြီးချုပ် Dmitry Medvedev နဲ့ သဘောတူညီချက် အများအပြားကို လက်မှတ်ရေးထိုးခဲ့ပြီးတဲ့နောက်မှာ ထိုင်းဝန်ကြီးချုပ်က ဒီကနေ့ပဲ ပြောဆိုလိုက်တာပါ။
ဝန်ကြီးချုပ် Medvedev ဟာ နှစ်ပေါင်း ၂၅ နှစ်အတွင်း ရုရှားဝန်ကြီးချုုပ်တဦးအနေနဲ့ ထိုင်းနိုင်ငံကို ပထမဆုံး လာရောက်ခဲ့တာဖြစ်ပြီး ထိုင်းနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းခဲ့တဲ့ မေလကစပြီး ကာလကြာရှည်စွာ မဟာမိတ်အဖြစ် ရပ်တည်ခဲ့တဲ့ အမေရိကန်နဲ့ အဆင်မပြေဖြစ်နေတဲ့ ထိုင်းစစ်အစိုးရကို ထောက်ခံပံ့ပိုးတဲ့အနေနဲ့ လာရောက်တဲ့ ကမ္ဘာ့ထိပ်တန်း ခေါင်းဆောင်တဦးလည်း ဖြစ်ပါတယ်။
ဒါအပြင် Prayut အစိုးရအဖွဲ့ကို ကုလသမဂ္ဂနဲ့ အနောက်နိုင်ငံတွေက စစ်အုပ်ချုပ်ရေး ရုပ်သိမ်းပေးဖို့ ဝိုင်းဝန်းဖိအားပေးနေချိန်မှာ လာရောက်တာလည်း ဖြစ်ပါတယ်။
လာမယ့်နှစ်မှာ ဒေါ်လာ ဆယ်ဘီလီယံအထိ တိုးမြှင့်ကုန်သွယ်မှု လုပ်မယ်လို့ ရုရှားဝန်ကြီးချုပ်နဲ့ တွေ့ဆုံအပြီးမှာ ထိုင်းဝန်ကြီးချုပ် Prayut က ပြောကြားခဲ့ပေမဲ့ ဘယ်ကဏ္ဍတွေမှာ တိုးမြှင့်သွားမယ်ဆိုတဲ့ အသေးစိတ်တွေကိုတော့ ထုတ်ဖော်မပြောခဲ့ပါဘူး။
၂ နိုင်ငံကြား စွမ်းအင်၊ ရင်းနှီးမြှုပ်နှံမှု၊ ဟိုတယ်နဲ့ ခရီးသွား၊ ယဉ်ကျေးမှုကဏ္ဍအပြင် မူးယစ်ဆေးဝါးဆိုင်ရာ ရာဇဝတ်မှု တိုက်ဖျက်ရေးတွေမှာ တိုးမြှင့်လုပ်ဆောင်သွားဖို့ နားလည်မှု စာချွန်လွှာ ၅ စောင်ကိုလည်း လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်။