သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်း-မြန်မာနယ်စပ် မှောင်ခိုလက်နက်ခဲယမ်း အများဆုံးဖမ်းဆီးမိ


ထိုင်း-မြန်မာနယ်စပ်မှာ သိမ်းဆည်းရမိခဲ့တဲ့ လက်နက်ခဲယမ်းများ (ဗွီအိုအေ-မြန်မာပိုင်း)
ထိုင်း-မြန်မာနယ်စပ်မှာ သိမ်းဆည်းရမိခဲ့တဲ့ လက်နက်ခဲယမ်းများ (ဗွီအိုအေ-မြန်မာပိုင်း)
ထိုင်းနိုင်ငံမြောက်ပိုင်း မယ့်ဟောင်ဆောင်ခရိုင်ထဲက ကွန်မိုင်ဆပ်ရွာမှာ မြန်မာနိုင်ငံဘက်ခြမ်း တိုင်းရင်းသား လက်နက်ကိုင် နယ်မြေထဲကို ပို့ဆောင်မယ့် လေယာဉ်ပစ် လက်နက်ကြီး ၄ ခု၊ အဝေးပစ်ဒုံးလက်နက် ၃ ခုကို ကျည်ဆန်တွေနဲ့အတူ ထိုင်းအာဏာပိုင်တွေက သိမ်းဆည်းရမိခဲ့ပါတယ်။ ထိုင်းနိုင်ငံ ဆလာဘူရီမြို့က သယ်ဆောင်လာတဲ့ လက်နက်များ ဖြစ်ပါတယ်။ ဒါဟာ ထိုင်း-မြန်မာနယ်စပ်မှာ တရားမဝင် လက်နက် အမြောက်အများကို ဖမ်းမိတာ ပထမဦးဆုံးအကြိမ်လည်း ဖြစ်ပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာ က သတင်းပေးပို့ခဲ့ပါတယ်။

မြန်မာနိုင်ငံဘက်ခြမ်းက ရှမ်း၊ ၀ နဲ့ ပအို့ဝ် တိုင်းရင်းသား လက်နက်ကိုင် နယ်မြေထဲကို ပို့ဆောင်မယ့် လေယာဉ်ပစ် လက်နက်ကြီး ၄ ခု၊ အဝေးပစ် ဒုံးလက်နက် ၃ ခုနဲ့ သိန်းနဲ့ချီရှိတဲ့ လက်နက်ကြီး၊ လက်နက်ငယ်တွေရဲ့ကျည်ဆံအမြောက်အများကို ဇူလိုင်လ ၁၄ ရက်နေ့က ထိုင်းနိုင်ငံမြောက်ပိုင်း မယ့်ဟောင်ဆောင်ခရိုင်ထဲက ကွန်မိုင်ဆပ်ရွာမှာ ထိုင်းနယ်ခြားစောင့်တပ်က ဖမ်းဆီးရမိခဲ့ကြောင်း မယ့်ဟောင်ဆောင်ခရိုင်ဝန်က သတင်းစာ ရှင်းလင်းမှု လုပ်ခဲ့တာပါ။

ဒါဟာ နယ်စပ်တလျှောက် တရားမဝင် လက်နက်ကို ဖမ်းမိတာ အမြင့်ဆုံး အရေအတွက် ဖြစ်ပါတယ်။ ထိုင်းနိုင်ငံ မယ့်ဟောင်ဆောင်ခရိုင်ဝန် Mrs. Nalumon Panwat က သတင်းစာရှင်းလင်းပွဲအတွင်း ပြောဆိုရာမှာတော့ - လက်နက်ပစ္စည်းတွေနဲ့ ကျည်ဆံတွေဟာ မြန်မာနိုင်ငံဘက်ခြမ်း တိုင်းရင်းသားလက်နက်ကိုင်တွေထံကို ပို့ဆောင်မယ့် ပစ္စည်းများဖြစ်ကြောင်း ဖမ်းမိတာကတော့ ဆလာဘူရီခရိုင်ထဲကလာတဲ့ ကားတစီးကို စစ်ဆေးရာကနေ နောက်ပိုင်းမှာ ကွန်မိုင်ဆပ်ရွာ အမှတ် ၂ ရပ်ကွက်ထဲက အိမ်အမှတ် ၈၅/၅ ကို စစ်ဆေးရှာဖွေပြီး ဖမ်းဆီးရမိခဲ့တာဖြစ်ကြောင်းကို ပြောဆိုခဲ့တာပါ။

ထိုုင်းအာဏာပိုင်တွေ ဖမ်းဆီးရမိတဲ့ ပစ္စည်းတွေထဲမှာ လေယာဉ်ပစ် လက်နက်ကြီး ၄ ခု၊ မြေပြင်ကနေ ဝေဟင်ပစ်တဲ့ အဝေးပစ်ဒုံးကျည် ၃ ခု၊ ကာဘိုင်သေနတ် ၅၆၀ လက်နဲ့ ပွိုင့် ၈၈ ကျည်ဆံများ၊ M 16 ကျည်ဆံများ၊ လေယာဉ်ပစ်ကျည်ဆံများကို သေတ္တာတွေနဲ့ အမြောက်အများ ဖမ်းဆီးရမိခဲ့တာပါ။

သိန်းနဲ့ချီရှိတဲ့ ကျည်ဆံတွေကို ဖမ်းဆီးရမိခဲ့တာ ဖြစ်တယ်လို့ ထိုင်းအာဏာပိုင်တွေက ဆိုပါတယ်။ ဒါဟာ တရားမဝင်လက်နက် ဖမ်းဆီးရရှိမှုတွေထဲက အမြင့်ဆုံး ဖြစ်တယ်လို့ ဆိုပါတယ်။ လက်နက်ကျည်ဆံတွေနဲ့အတူ လက်ရှိမှာ ထိုင်းရဲအရာရှိ Mr. Sumit နဲ့ ကွန်ဒီယမ် လို့ အမည်ရတဲ့ မြန်မာနိုင်ငံသား တဦးကို ဖမ်းဆီးထားပါတယ်။

ဒီလက်နက်တွေနဲ့ပတ်သက်လို့ တိုင်းရင်းသား လက်နက်ကိုင်တွေကတော့ သူတို့ မှာယူတဲ့ပစ္စည်းတွေ ဟုတ် - မဟုတ် ဆိုတာကို ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပါဘူး။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ စုစည်းထားတဲ့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများကောင်စီ UNFC အဖွဲ့ဝင်လည်းဖြစ်၊ UNFC ရဲ့ တွဲဘက် အတွင်းရေးမှူးလည်းဖြစ်တဲ့ ဗိုလ်မှူးကြီး ခွန်ဥက္ကာကတော့ ဘယ်အဖွဲ့တွေဆီကို ပို့ဆောင်မယ့် လက်နက်တွေဆိုတာကို သူအနေနဲ့ မသိရှိကြောင်းကို ငြင်းဆိုပါတယ်။

“ပို့တဲ့လမ်းကြောင်းက ကရင်နီဘက်တော့ မဟုတ်ဘူး။ ကျနော်တို့ဘက်က လမ်းကြောင်းကနေ ပို့မယ်လို့ အရင်ပြောတာ။ ပအို့ဝ်ရယ်၊ ၀ ရယ်၊ ရှမ်းရယ် အတူတူနေတဲ့နေရာ။ အထဲကို ပို့ရင်တော့ ဘယ်ကိုသွားမလဲဆိုတာတော့ မသိဘူး။ ဒီအခြေအနေမျိုးမှာ လက်နက် ဝယ်ယူစုဆောင်းတယ်ဆိုရင်တော့ ပိုက်ဆံလည်း ရှိတဲ့ အဖွဲ့အစည်းဖြစ်ဖို့လိုတယ်။ UNFC အဖွဲ့ဝင်တွေကတော့ ကျနော်သိသလောက်တော့ ဘယ်သူမှ မရှိဘူးပေါ့နော်။”

လက်နက်တွေကို ဖမ်းမိသူတွေရဲ့ ထွက်ဆိုချက်အရ လက်နက်ပို့ဆောင်မှုဟာ ဒုတိယအကြိမ် ဖြစ်တယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံမှာ မြန်မာအစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးမှုတွေ ဆွေးနွေးမှုတွေ လုပ်နေဆဲအချိန်မှာပဲ တိုင်းရင်းသားနယ်မြေတချို့မှာ ပစ်ခတ်မှုတွေနဲ့ ထိပ်တိုက်တွေ့မှုတွေ ရှိနေတာလည်း ဖြစ်ပါတယ်။
XS
SM
MD
LG