သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ချင်းမိုင်မှာ မြန်မာအလုပ်သမား အသတ်ခံရ


ထိုင်းနိုင်ငံအတွင်း တရားမဝင်အလုပ်လုပ်တဲ့ မြန်မာအလုပ်သမားတဦးကို ရဲစခန်းမှာ တွေ့ရစဉ်။
ထိုင်းနိုင်ငံအတွင်း တရားမဝင်အလုပ်လုပ်တဲ့ မြန်မာအလုပ်သမားတဦးကို ရဲစခန်းမှာ တွေ့ရစဉ်။

ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းမိုင် မဲကျန်းမြို့နယ်မှာ မြန်မာစိုက်ပျိုးရေးအလုပ်သမားတဦးကို ထိုင်းအလုပ်ရှင်က သေနတ်နဲ့ပစ်သတ်ခဲ့ပါတယ်။ လက်ရှိမှာ သတ်ဖြတ်ခဲ့သူ အလုပ်ရှင်ကို ဖမ်းဆီးထားပြီးဖြစ်ကြောင်း ချင်းမိုင်မြို့က မြန်မာအလုပ်သမား သံအရာရှိက ပြောပါတယ်။ ဆက်သွယ်စုံစမ်းထားတဲ့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ချင်းမိုင်၊ ချင်းရိုင်ဒေသမှာ မြန်မာပြည်သား ရှမ်းလူမျိုးစုတွေ အများအပြားအလုပ်လုပ်ကြတဲ့ ဒေသတွေဖြစ်ပါတယ်။ ထိုင်းလူမျိုးတွေရဲ့ ဘာသာစကားပြောချင်း ဆင်တာကြောင့် အဲဒီဒေမှာ ရွှေ့ပြောင်းအလုပ်သမား အများစုက ရှမ်း၊ ပအို့ဝ်၊ လာဟူ၊ အခါ စတဲ့ တိုင်းရင်းသားတွေ အလုပ်လုပ်ကြပါတယ်။ချင်းမိုင်ဒေသ၊ မဲကျန်းမြို့နယ်ထဲမှာ မြန်မာနိုင်ငံသား ရှမ်းလူမျိုးတဦး သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်ခံရကြောင်း ချင်းမိုင်မြို့က မြန်မာသံရုံး အလုပ်သမား သံအရာရှိ ဦးခင်မောင်က အခုလို ပြောပါတယ်။

“သူဌေးက သတ်လိုက်တာ မှန်ပါတယ်။ ၁၄ ရက်နေ့က သတ်တယ်။ အလုပ်သမားအချင်းချင်း တိုင်တာ။ ရှမ်းလူမျိုး၊ သူတို့က ပတ်စ်ပို့နဲ့ နေတာမဟုတ်ဘူး။ သူတို့က အထောက်အထားမဲ့နဲ့နေတာ။ HRDP - လူ့အခွင့်အရေးနဲ့ ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း အဖွဲ့အစည်းနဲ့ ၁၇ ရက်နေ့ကျမှ တိုင်တော့မှ မြှုပ်နှံထားတာကို အလောင်းပြန်ဖော်တာ။ အခုတော့ ချင်းမိုင်ကို ပြန်ယူထားတယ်။ သူတို့က လုပ်အားခ အသုံးလိုလို့ ငွေတောင်းတာ၊ သူဌေးဆီက ငွေမရတော့ တခြားခြံမှာသွားလုပ်တာ။ အဲဒီအတွက် သူဌေးက မကျေနပ်လို့ လက်ရောက် ကျူးလွန်တာ။”

ဒီအမှုနဲ့ပတ်သက်လို့ မြန်မာသံရုံးဘက်က လိုအပ်တဲ့ အထောက်အထားတွေပေးမှာ ဖြစ်ပေမယ့် တရားလို လုပ်စရာမလိုဘဲ ထိုင်းဥပဒေအရ အရေးယူ ဆောင်ရွက်ခဲ့တာဖြစ်တယ်လို့လည်း သံအရာရှိက ဆိုပါတယ်။

“မြန်မာသံရုံးကတော့ အထောက်အထား စတာတွေ ကူညီပေးရတော့ တရားလိုမဟုတ်ပေမယ့် ဒါက ရဲအရေးပိုင်တဲ့အမှုဖြစ်တဲ့အတွက် သံရုံးအနေနဲ့ တရားလို မလုပ်ပေမယ့် ထိုင်းဥပဒေအရ ရာဇဝတ်မှု ကျူးလွန်သူကိုတော့ ဖမ်းထားပြီးပါပြီ။”

ပစ်သတ်ခံရသူ ရှမ်းအမျိုးသားဟာ ရှမ်းပြည်နယ်၊ သိန္နီမြို့၊ မိုင်းလီကျေးရွာဇာတိဖြစ်ပြီး အသက် ၄၀ အရွယ် စိုင်းရင်ဖြစ်ပါတယ်။ သူဟာ မဲ့ကျန်းမြို့နယ် ပန်ဟိန်ဖွန်အုပ်စုက စိုက်ပျိုးရေးခြံမှာ အလုပ်လုပ်သူဖြစ်ပါတယ်။ သူ့ရဲ့အလောင်းကို ဆေးစစ်ချက်တွေရယူဖို့အတွက် ချင်းမိုင်မြို့ကို သယ်ဆောင်သွားပြီဖြစ်သလို သူ့ကို ပစ်သတ်တဲ့ ထိုင်းအလုပ်ရှင်ကိုလည်း ဖမ်းဆီးထားပြီး ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG