သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်အရေးဖြေရှင်းဖို့ မြန်မာအားထုတ်မှု ထိုင်းထောက်ခံ


ထိုင်းဝန်ကြီးချုပ် ပရာရွတ် ချန်အိုချာ (ဝဲ) နှင့် မြန်မာသမ္မတ ဦးဝင်းမြင့် (ယာ) တို့ ထိုင်းဂုဏ်ပြုတပ်ဖွဲ့အား စစ်ဆေးစဉ်။
ထိုင်းဝန်ကြီးချုပ် ပရာရွတ် ချန်အိုချာ (ဝဲ) နှင့် မြန်မာသမ္မတ ဦးဝင်းမြင့် (ယာ) တို့ ထိုင်းဂုဏ်ပြုတပ်ဖွဲ့အား စစ်ဆေးစဉ်။

ရေရှည်ပြဿနာအဖြစ်ရှိနေတဲ့ ရခိုင်ပြည်နယ်က ရိုဟင်ဂျာအကျပ်အတည်းကို ဖြေရှင်းဖို့ မြန်မာ အစိုးရ ရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို ထိုင်းအစိုးရကထောက်ခံကြောင်း ချစ်ကြည်ရေးခရီးစဉ်အဖြစ် ထိုင်း နိုင်ငံကိုရောက်ရှိနေတဲ့ မြန်မာသမ္မတ ဦးဝင်းမြင့်နဲ့ ကြာသာပတေးနေ့က ပူးတွဲသတင်းစာ ရှင်းလင်းပွဲ မှာ ထိုင်းဝန်ကြီးချုပ် Prayut Chan-o-cha က ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် လွတ်လပ်တဲ့စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်းဖို့နဲ့ ကုလသမဂ္ဂအေဂျင်စီတွေနဲ့ ပိုမို ပူးပေါင်း ဆောင်ရွက်ဖို့ မြန်မာအစိုးရရဲ့ ကြိုးပမ်းချက်တွေကိုလည်း Prayut က ချီးကျူး ခဲ့ပါတယ်။

ရခိုင်ဒေသမှာရှိတဲ့ ဒေသခံ အသိုင်းအဝိုင်းတွေကြား အပြုသဘောဆောင် ခိုင်မာတဲ့ ဆက်ဆံရေးနဲ့ အချင်းချင်း အပြန်အလှန်ကူညီနိုင်ဖို့အတွက် ဖွံ့ဖြိုးရေးအစီအစဉ်တွေကို အကောင်အထည်ဖေါ်ပေးဖို့ ထိုင်းအစိုးရအနေနဲ့ အဆင်သင့်ရှိနေကြောင်း ဝန်ကြီးချုပ်က ဆိုပါတယ်။

မြန်မာသမ္မတဦးဝင်းမြင့်ဘက်ကတာ့ ရိုဟင်ဂျာပြဿနာကို တိုက်ရိုက် ထုတ်ဖေါ်ပြောကြား ခြင်း မရှိခဲ့ ပေမယ့် ခေါင်းဆောင်နှစ်ဦးဆွေးနွေးပွဲမှာမြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး မြှင့်တင်ဖို့ ကိစ္စ ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။ ရိုဟင်ဂျာဆိုတဲ့အသုံးအနှုန်းကိုလည်း မြန်မာအစိုးရ ဘက်က တရားဝင်အသိအမှတ်ပြု ထားခြင်း မရှိပါဘူး။ ထိုင်းအစိုးရကိုလည်း ဘင်္ဂါလီလို့ပဲ ခေါ်ဖို့ မြန်မာအစိုးရက တိုက်တွန်းခဲ့ပါတယ်။

ထိုင်းနိုင်ငံမှာကျင်းပတဲ့ ၈ ကြိမ်မြောက် ဧရာဝတီ-ကျောက်ဖရား-မဲခေါင် စီးပွားရေး ပူးပေါင်း ဆောင်ရွက်ရေး နည်းဗျူဟာ ထိပ်သီးအစည်းအဝေးတက်ဖို့ သုံးရက်ကြာ ခရီးစဉ် အဖြစ် သမ္မတဦးဝင်းမြင့် ရောက်နေတာဖြစ်ပါတယ်။ ထိပ်သီးအစည်းအဝေးပွဲကို လာအိုစ်၊ ဗီယက်နမ်နဲ့ ကမ္ဘောဒီးယားနိုင်ငံက ခေါင်းဆောင်တွေလည်း တက်ရောက်နေပါတယ်။

ဇွန်လ ၁၄ ရက်နေ့က စတင်တဲ့ သမ္မတ ဦးဝင်းမြင့်ရဲ့ ထိုင်းနိုင်ငံခရီးစဉ်ဟာရွေးကောက်ခံ သမ္မတ အဖြစ် စတင်ထမ်းဆောင်ချိန်နောက်ပိုင်း ပထမဦးဆုံး ပြည်ပခရီးစဉ်လည်း ဖြစ်ပါ တယ်။ ထိုင်း-မြန်မာ နှစ်နိုင်ငံ ဆွေးနွေးပွဲအတွင်း နယ်စပ်ဖွံ့ဖြိုးရေးနဲ့ ဆက်စပ်မှု လုပ်ငန်း အစီအစဉ်တွေ၊ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှု၊ ထိုင်းနိုင်ငံက မြန်မာရွှေ့ပြောင်း အလုပ်သမားတွေရဲ့ အခွင့်အရေး မြှင့်တင်ပေးရေး၊ ဒုက္ခသည်တွေ နေရပ်ပြန် ရေးနဲ့ ထားဝယ် အထူးစီးပွားရေးစတဲ့ကိစ္စရပ်တွေ ပါဝင်တယ်လို့ နှစ်နိုင်ငံ ပူးတွဲထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG