သုံးရလွယ်ကူစေသည့် Link များ

လူကုန်ကူးမှု တိုက်ဖျက်ရေး ထိုင်းရဲချုပ် သြစတြေးလျကို ထွက်ပြေး


ထိုင်းနယ်စပ်မှာ လူကုန်ကူးခံရသူလို့ယူဆရသူတွေရဲ့ ရုပ်အလောင်းတွေ တွေ့ရှိ။

ထိုင်းနိုင်ငံတွင်း လူမှောင်ခိုကူးသူတွေကို လိုက်လံချေမှုန်းတဲ့လုပ်ငန်းတွေမှာ ဦးဆောင်ခဲ့တဲ့ ရဲ ဗိုလ်ချုပ် Paween Pongsirin က သူ့ရဲ့အသက်အန္တရာယ် စိုးရိမ်ရတဲ့ အတွက်လို့ သြစတြေးလျနိုင်ငံကို ထွက်ပြေးခဲ့ရတယ်လို့ ပြောဆိုထားပေမဲ့ ထိုင်းနိုင်ငံရဲ့ ထိပ်တန်း ရဲအရာရှိတဦးကတော့ - Paween ထွက်ပြေးရတဲ့ အကြောင်းရင်းဟာ သူ့ကို ရာထူးတိုးမပေးတဲ့အပေါ်မှာ မကျေနပ် တာကြောင့် ဖြစ်နိုင်တယ်လို့ ပြောပါတယ်။

Paween ဟာ ဖြစ်ရပ်တခုလုံးကို မရှင်းဘဲ ရဲတပ်ဖွဲ့က သူ့ကို အသရေဖျက်မှုနဲ့ တရားစွဲကောင်း စွဲနိုင်တယ်လို့ ဆိုပြီးတော့ပဲ သွယ်ဝိုက် လျှောက်ပြောနေတယ်လို့ ထိုင်း နိုင်ငံတော်ရဲချုပ် Chakthip Chaijinda က ဒီကနေ့ ဘန်ကောက်မြို့မှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။

Paween ကတော့ - လူမှောင်ခိုကူးမှုလုပ်ငန်းတွေမှာ တိုင်းပြည်တွင်း သြဇာရှိတဲ့ ပုဂ္ဂိုလ်တွေ ပါဝင်ပတ်သက်နေတယ်ဆိုတာကို သူ့အနေနဲ့ စုံစမ်းတွေ့ရှိခဲ့တဲ့အပေါ်မှာ သူ့ကို နှုတ်ပိတ်ချင်ကြတဲ့သူတွေ ရှိနေတာကြောင့် အသက်အန္တရာယ် အတွက် စိုးရိမ်နေရတယ်လို့ ကြာသပတေးနေ့မှာပဲ သြစတြေးလျ သတင်းမီဒီယာတွေ ကို ပြောခဲ့တာပါ။

ဓာတ်ပုံတခု ထဲမှာတော့ လွန်ခဲ့တဲ့ ရက်အနည်းငယ်ကပဲ သူ ရောက်လာခဲ့တာ လို့ဆိုတဲ့ သြစတြေးလျနိုင်ငံ မယ်လ်ဘုန်းမြို့ Yarra မြစ်ကမ်းမှာ မတ်တပ် ရပ်နေတာကို တွေ့ရပါတယ်။ ဒါဟာ သူ ထိုင်းနိုင်ငံကနေ ထွက်ခွာသွားပြီဆိုတဲ့ အတည်မပြုနိုင်တဲ့ သတင်းတွေ ထွက်ခဲ့ပြီးနောက်ပိုင်း သီတင်းပတ်နဲ့ချီ ကြာပြီးတဲ့နောက် သူ့ရဲ့ပုံကို ပထမဆုံး တွေ့ရတာလည်း ဖြစ်ပါတယ်။

ထိုင်းအစိုးရဟာ လူမှောင်ခိုကူးမှုတွေကို ချေမှုန်းမယ်လို့ ဆိုပြီး ဒီလုပ်ငန်းမှာ ဦးဆောင်ဖို့အတွက် Paween ကို တာဝန်ပေးခဲ့တာပါ။ ဒီ လူမှောင်ခိုကူးမှု တိုက်ဖျက်ရေး လုပ်ငန်းတွေတွင်းမှာတော့ လူတွေ ဒါဇင်နဲ့ချီကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ဒီအထဲမှာ - နိုင်ငံတောင်ပိုင်းက ဒေသခံနိုင်ငံရေးသမားတချို့၊ အစိုးရအရာရှိတချို့နဲ့ ရဲတပ်ဖွဲ့ ပုဂ္ဂိုလ်တချို့အပြင် အကြီးတန်း စစ်တပ်အရာရှိတဦးလည်း ပါဝင်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG