သုံးရလွယ်ကူစေသည့် Link များ

တရုတ်ဒုက္ခသည် ၂ ဦး ဌာနေပြန်ပို့မှု ထိုင်းဝေဖန်ခံရ

  • ဗွီအိုအေ (မြန်မာဌာန)

ထိုင်း-မလေးရှားနယ်စပ် လူဝင်မှုအချုပ်မှာ ဖမ်းဆီးခံထားရတဲ့ Uighurs များ (၂၀၁၄ မတ်လ)

ထိုင်းနိုင်ငံအတွင်း ဒုက္ခသည်အဖြစ် မှတ်ပုံတင်ထားသူ ၂ ဦးကို တရုတ်နိုင်ငံထံ ဗုဒ္ဓဟူးနေ့က လွှဲပြောင်း ပေးလိုက်တာပတ်သက်ပြီး ကုလသမဂ္ဂ အေဂျင်စီ တခုက ကန့်ကွက်လိုက်ပါတယ်။ သူတို့အတွက် အသက်အန္တရယ်ရှိနေတဲ့ တိုင်းပြည်ကို လွှဲပြောင်း မပေးသင့်ကြောင်း ပြောဆိုလိုက်ပါတယ်။

သူတို့ နှစ်ဦးစလုံးဟာ ကုလသမဂ္ဂရဲ့ အကာကွယ်ပေးရေး စာရွက်စာတမ်းတွေ ကိုင်ဆောင်ထားကြသူတွေဖြစ်တယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR က ပြောဆိုပါတယ်။

ထိုင်းအစိုးရက သူတို့ကို ဖမ်းဆီးချိန်မှာ သူတို့ကို ကနေဒါနိုင်ငံက လက်ခံဖို့ သဘောတူထားပြီးဖြစ်ပြီး ကနေဒါနိုင်ငံကို သွားရောက်ဖို့အတွက် စောင့်ဆိုင်းနေချိန်ဖြစ်ပါတယ်။

ဒီလူတွေဟာ ဒုက္ခသည်အဖြစ် အသိမှတ်ပြုထားပြီးသူများဖြစ်သလို၊ သူတို့ကို တွေ့ဆုံမေးမြန်းမှုတွေ ပြုလုပ်ထားပြီး သူတို့ ဟာ နှိပ်စက်ညှဉ်းပမ်းခံရကြောင်း ပြောကြားမှုတွေဟာ သဘာဝကျ မှန်ကန်ကြောင်း တွေ့ရှိထားပြီး ဖြစ်တယ်လို့ UNHCR ဒေသရုံး ပြောခွင့်ရ အမျိုးသမီး Vivian Tan က ပြောပါတယ်။

အမေရိကန်ပြည်ထောင်စုကလည်း နိုင်ငံတကာနဲ့အတူ ထိုင်းနိုင်ငံရဲ့ လုပ်ဆောင်ချက်အပေါ် ဝေဖန် ပြစ်တင်လိုက်ပါတယ်။

ထိုင်းနိုင်ငံရဲ့ ဗုဒ္ဓဟူးနေ့က ဆုံးဖြတ်ချက်အပေါ် အမေရိကန်ပြည်ထောင်စုအနေနဲ့ အလွန်စိတ်ပျက်မိတဲ့အကြောင်း ဆိုးဆိုးရွားရွား စိတ်ပျက်မိတဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ John Kirby က ပြောဆိုလိုက်ပါတယ်။

ထိုင်းနိုင်ငံ က Uighur မူဆလင် တရာခန့်ကို ဇူလိုင်လအတွင်း တရုတ်နိုင်ငံကို ပြန်ပို့ခဲ့တာနဲ့ ပတ်သက်ပြီး အမေရိကန်ပြည်ထောင်စုနဲ့ တခြားနိုင်ငံတွေ အဖွဲ့အစည်းတွေက ပြစ်တင် ဝေဖန်ခဲ့ကြပါတယ်။

ထိုင်းလူဝင်မှုကြီးကြပ်ရေး အရာရှိတွေကတော့ အခု ပြန်ပို့လိုက်သူ ၂ ယောက်ဟာ Uighur တွေ မဟုတ်ကြဘူးလို့ပြောကြောင်း Reuters သတင်းမှာ ရေးသားထားပါတယ်။

စိတ်ဝင်စားဖွယ် ...

XS
SM
MD
LG