သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းစစ်အုပ်ချုပ်ရေး မြန်မာကန့်ကွက်စရာမရှိ


ထိုင်းနိုင်ငံမှာ စစ်အုပ်ချုပ်ရေး ကြေညာခဲ့တဲ့အထိ နိုင်ငံရေး အကျပ်အတည်းတွေ ကြီးထွားလာနေတဲ့အပေါ် နိုင်ငံတကာ အသိုင်းအဝိုင်းက စိုးရိမ်မကင်း ဖြစ်နေချိန်မှာပဲ အရှေ့တောင်အာရှ နိုင်ငံများအသင်း (Asean) ဥက္ကဋ္ဌဖြစ်တဲ့ မြန်မာနိုင်ငံကတော့ ကန့်ကွက်စရာ မရှိတဲ့အကြောင်း ပြောပါတယ်။

စစ်အုပ်ချုပ်ရေးအောက်မှာ သတင်းမီဒီယာတွေအပေါ် ကန့်သတ်မှုတွေ ရှိနေတဲ့ အပေါ်မှာတော့ သတင်းလွတ်လပ်ခွင့် လှုပ်ရှားသူတွေကလည်း စိုးရိမ်မကင်း ဖြစ်နေကြတာပါ။ အပြည့်အစုံကို ကိုအောင်လွင်ဦး က တင်ပြထားပါတယ်။

ထိုင်းနိုင်ငံမှာ စစ်အုပ်ချုပ်ရေး ကြေညာခဲ့တဲ့အထိ တင်းမာမှုတွေ ကြီးထွားလာနေတဲ့ အခြေအနေတွေအပေါ် မြန်မာနိုင်ငံက အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတဲ့ အာဆီယံအသင်းရဲ့ သဘောထားတွေဟာ နေပြည်တော်မှာ နောက်ဆုံး ကျင်းပခဲ့တုန်းက အသင်းဝင် နိုင်ငံတွေရဲ့ သဘောထားတွေအတိုင်း မပြောင်းလဲဘူးလို့ မြန်မာသမ္မတရဲ့ ပြောခွင့်ရသူလည်းဖြစ် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးလည်းဖြစ်တဲ့ ဦးရဲထွဋ် က ပြောပါတယ်။

သွေးထွက်သံယို တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တဲ့အထိ နိုင်ငံရေးပဋိပက္ခတွေ ကြီးထွားလာနေတာကြောင့် ငြိမ်းချမ်းရေးနဲ့ ငြိမ်ဝပ်ပိပြားရေးအတွက် စစ်အုပ်ချုပ်ရေး ကြေညာခဲ့တာသာ ဖြစ်တယ်ဆိုတဲ့ ထိုင်းစစ်တပ်က ကြေညာထားတဲ့အတွက် စိုးရိမ်စရာ မရှိဘူးလို့ ပြောပါတယ်။

“ထိုင်းတပ်မတော်ကလည်း ဒါဟာ အာဏာလွဲှပြောင်းယူတာ မဟုတ်ဘူး၊ ငြိမ်ဝပ်ပိပြားရေးအတွက် ဆောင်ရွက်တာသာ ဖြစ်တယ်လို့ သူတို့ပြောထားပြီး ဖြစ်ပါတယ်။ ပြီးရင် သူတို့ရဲ့ လုပ်ဆောင်ချက်ကလည်း လက်ရှိ ရင်ဆိုင်နေရတဲ့ နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းနိုင်အောင် ဆောင်ရွက်ချက် ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ကျနော်တို့အနေနဲ့ ဒါက လောလောဆယ်တော့ ထုတ်ပြန်ထားတဲ့ ကြေညာချက်အတိုင်းပဲ ရှိပါတယ်။”

စစ်အုပ်ချုပ်ရေး ကြေညာခဲ့ရတဲ့အထိ နိုင်ငံရေး အကျပ်အတည်းတွေ ကြုံနေရတဲ့ အခြေအနေတွေကို အမေရိကန် ပြည်ထောင်စုက အနီးကပ်စောင့်ကြည့်နေသလို၊ စစ်တပ်အနေနဲ့ အခြေခံလူ့အခွင့်အရေးတွေကို လေးစားလိုက်နာဖို့ သွေးထွက်သံယို မဖြစ်အောင် ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ဖို့လည်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူက အင်္ဂါနေ့ကပဲ တိုက်တွန်းထားတာပါ။

လူ့အခွင့်အရေး လှုပ်ရှားမှုအဖွဲ့ဖြစ်တဲ့ Human Rights Watch ကလည်း အာဏာသိမ်းတဲ့ လုပ်ရပ်ဆန်ဆန် စစ်အုပ်ချုပ်ရေးဟာ မလိုလားအပ်တဲ့ လုပ်ရပ်အဖြစ် ကန့်ကွက်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ မြန်မာပြန်ကြားရေးဒုဝန်ကြီး ဦးရဲထွဋ် ကတော့ ထိုင်းနိုင်ငံရဲ့ လက်ရှိအခြေအနေရဲ့ လိုအပ်ချက်အရ ကန့်သတ်ရတာ ဖြစ်တယ်လို့ မြင်ပါတယ်။

“ဒါကတော့ဗျာ ဘယ်နိုင်ငံမဆို အရေးပေါ် အခြေအနေမှာတော့ တချို့မူလအခွင့်အရေးတွေကို ကန့်သတ်တာတွေ ရှိတာပါပဲ။ အမေရိကန် နိုင်ငံမှာတောင်မှာ ဒုတိယကမ္ဘာစစ်ဖြစ်တုန်းက ထုတ်ပြန်ချက်တွေကို ကန့်သတ်တာမျိုး၊ စက်တင်ဘာ ၁၁ ရက် တိုက်ခိုက်မှုအပြီး နောက်ပိုင်းမှာ သူတို့ရဲ့ အမျိုးသားလုံခြုံရေး ဥပဒေအရ မီဒီယာတွေရဲ့ ရေးသားချက်တွေ၊ အင်တာနက် အသုံးပြုမှုတွေကို သူတို့စောင့်ကြည့်တာမျိုးတွေ ရှိခဲ့တာပဲလေ။ ဒါကတော့ ကျနော်တို့က အရေးပေါ် အခြေအနေအရ မဖြစ်မနေ မလွဲှမရှောင်သာ လုပ်ရတဲ့ကိစ္စလို့ပဲ ကျနော်တို့က မြင်ပါတယ်။”

ဒါပေမဲ့လည်း ထိုင်းနိုင်ငံမှာ စစ်အုပ်ချုပ်ရေး ကြေညာချက်နဲ့အတူ သတင်းမီဒီယာတွေ၊ အထူးသဖြင့် ရုပ်မြင်သံကြားနဲ့ ရေဒီယို အသံလွှင့် လုပ်ငန်းတွေကို ပိတ်ပင်တာတွေ ရှိခဲ့တဲ့ အပေါ်မှာတော့ စာနယ်ဇင်းသမားတွေက စိုးရိမ်နေကြတာပါ။ ထိုင်းနိုင်ငံ အခြေစိုက် ဧရာဝတီမဂ္ဂဇင်းရဲ့ အယ်ဒီတာ ဦးအောင်ဇော် ကလည်း သတင်းစာ လွတ်လပ်ခွင့် အတွက်သာမက၊ အပြောင်းအလဲတွေ လုပ်လာကာစ မြန်မာနိုင်ငံလို တိုင်းပြည်မျိုးအတွက် ပုံတူးကူးစရာ နမူနာဖြစ်လာမှာ စိုးရိမ်ရတယ်လို့ ပြောပါတယ်။

“စိုးရိမ်စရာတော့ အများကြီးရှိပါတယ်။ အရင်ကတည်းကိုက ရှိတာလေ။ ထိုင်းမှာက လွန်ခဲ့တဲ့ ၂ နှစ် ၃ နှစ်က ဒီလိုအခြေအနေ မတည်ငြိမ်မှုတွေ ဖြစ်ကတည်းက စပြီးတော့ Websites တွေကို ပိတ်တာတွေ၊ ထိုင်းနိုင်ငံရေးနဲ့ ပတ်သက်ပြီး Critical ဖြစ်ဖြစ်နဲ့ ရေးတဲ့ဟာတွေကို အသေအချာ ပိတ်ထားတဲ့ ဆိုဒ်ပေါင်းက ရာကျော်ရှိတယ်ဆိုပြီး CPJ တို့ ဘာတို့ကနေပြီးတော့ ကျနော်တို့ သိရတယ်လေ။ ဆိုတော့ အခု မာရှယ်လောပေါ့၊ စစ်အုပ်ချုပ်ရေး ကာလမှာတော့ ပိုပြီးတော့ တင်းကျပ်မှုတွေရှိမယ်။ နိုင်ငံခြား သတင်းထောက်တွေရော၊ နောက်ပြီးတော့ လောလောဆယ် ထိုင်းနိုင်ငံရေးကို ဖော်ပြနေတဲ့ Local Paper တွေကအစ ပိုပြီးတော့ သတိထားရမယ့်ဟာတွေရှိတယ်။”

“တချိန်တည်းမှာပဲ မြန်မာနိုင်ငံလို မိမိကိုယ်မိမိ Reformist (ပြုပြင်ပြောင်းလဲရေး) လုပ်နေတယ်လို့ ပြောနေတဲ့ စစ်အစိုးရတဖြစ်လဲ ဘောင်းဘီချွတ်တွေကလည်း ဒီလိုအခြေအနေမျိုးကိုတော့ ကျနော်ထင်တယ် သဘောကျမှာပါပဲ။ Press Freedom လိုချင်တဲ့သူတွေ Independent Media ကို လေးစားလိုက်နာ ထိန်းသိမ်း စောင့်ရှောက်ချင်တဲ့သူတွေ အတွက်တော့ မကောင်းတဲ့ လက္ခဏာပါပဲ။ ဒါပေမဲ့ အဲဒါကိုပဲ မြန်မာပြည်မှာ အမြဲတမ်းကျင့်သုံးနေတဲ့ ပြန်ကြားရေးဝန်ကြီးဌာန လိုမျိုးတွေ စစ်အစိုးရတဖြစ်လဲ လူတွေကတော့ ဒါမျိုးတော့ သဘောကျမှာပဲလို့ ကျနော်ထင်ပါတယ်။”

စာနယ်ဇင်းသမားတွေ အခွင့်အရေး လှုပ်ရှားနေတဲ့ (CPJ) အဖွဲ့ကလည်း ထိုင်းနိုင်ငံမှာ စစ်အုပ်ချုပ်ရေးနဲ့အတူ မီဒီယာတွေအပေါ် ကန့်သတ်ပိတ်ပင်မှုတွေ လုပ်ခဲ့တဲ့အတွက် ပြစ်တင်ရှုတ်ချကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။ အင်္ဂါနေ့က စစ်အုပ်ချုပ်ရေး ကြေညာခဲ့ပြီးနောက် ဂြိုဟ်တုနဲ့ Cable ရုပ်မြင်သံကြားဌာန ၁၀ ခုထက်မနည်းကို ပိတ်ပင်လိုက်သလို၊ ရေဒီယိုတွေ၊ ရုပ်မြင်သံကြား အစီအစဉ်တွေမှာလည်း စစ်တပ်က ကြေညာချက်တွေကို လိုအပ်ရင် ကြားဖြတ်ထည့်သွင်းဖို့ ညွှန်ကြားထားတဲ့ အကြောင်းလည်း CPJ ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
XS
SM
MD
LG