သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းဆန္ဒပြမှု မြန်မာတစ်ဦး သေနတ်ဒဏ်ရာရ


ထိုင်းနိုင်ငံမှာတော့ ပြည်တွင်းနိုင်ငံရေး မငြိမ်သက်မှုတွေနဲ့ အစိုးရဆန့်ကျင်ဆန္ဒပြ ပွဲတွေ ဆက်တိုက် ဖြစ်ပေါ်နေခဲ့တာကြောင့် လုံခြုံရေးတပ်ဖွဲ့တွေ အင်အားသုံး နှိမ်နင်းခဲ့ချိန်မှာ ပြီးခဲ့တဲ့ရက်ကပဲ မြန်မာအလုပ်သမားတစ်ဦး မတော်တဆ သေနတ်ထိမှန်ခဲ့ပါတယ်။

ဒီလို သေနတ်ထိမှန်မှု မဖြစ်ခင်တရက်ကပဲ ထိုင်းနိုင်ငံ မြန်မာသံရုံး တာဝန်ရှိသူတွေက မြန်မာနိုင်ငံသားတွေကို ဆန္ဒပြပွဲတွေရှိရာနဲ့ ဝေးဝေးနေကြဖို့၊ ဆန္ဒပြပွဲတွေမှာ မပါဝင်ကြဖို့ သတိပေးချက် ထုတ်ပြန်ထားခဲ့သေးတာပါ။ အခုလို ပစ်ခတ်မှုအတွင်း မြန်မာတစ်ဦး သေနတ်ဒဏ်ရာ ရခဲ့တာကြောင့် နှစ်နိုင်ငံ ချစ်ကြည်ရေးထိန်းသိမ်းဖို့နဲ့ မိမိတို့လုံခြုံရေးအတွက် ဆန္ဒပြပွဲတွေမှာ မပါဝင်ကြဖို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက သတိပေးချက်ကို ထပ်ပြီးတော့ ထုတ်ပြန်လိုက်ပါတယ်။ အသေးစိတ်ကို ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာ က သတင်းပေးပို့ခဲ့ပါတယ်။

ထိုင်းနိုင်ငံအတွင်းမှာ ပြည်တွင်းရေးအရ ဆန္ဒပြမှုတွေအတွင်း မြန်မာအလုပ် သမားတဦးဟာ ရင်ဘတ်မှာ သေနတ်ထိမှန်သွားခဲ့တာပါ။ ဒီနေ့မှာတော့
သေနတ်ထိမှန်သွားတဲ့ မြန်မာအလုပ်သမားတဦးဟာ ဆေးရုံမှာ ကုသခံနေရဆဲ ဖြစ်ပါတယ်။

ဆန္ဒပြမှုမှာ ပါဝင်ပတ်သက်တာ မဟုတ်ပေမဲ့ အလုပ်သမားတဦး မတော်တဆ ထိမှန်မှုတွေဖြစ်အပြီးမှာတော့ ထိုင်နိုင်ငံမှာရှိတဲ့ မြန်မာအလုပ်သမားတွေအတွက် သတိပေးချက်ကို ထပ်ထုတ်ရတာဖြစ်ကြောင်း ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာအလုပ် သမားရေး သံအရာရှိ ဦးကျော်ကျော်လွင် က ဆိုပါတယ်။

“မနေ့တုန်းက အဲ့ဒီမှာ ကလေးတယောက် သေနတ်ဒဏ်ရာ ရသွားပြီးနောက်ပိုင်းမှာ ကျနော်တို့က ထပ်ဆင့် သတိပေးချက် ထုတ်ပြန်တာပေါ့နော်။ မြန်မာနိုင်ငံသားအားလုံး ပြဿနာမဖြစ်ရအောင်ပေါ့ဗျာ နော့်။ ကျနော် ခုနကပဲ ပြန်လာခဲ့တာ အဲ့ဒီဆေးရုံကနေ။ မေးကြည့်တော့ သူ တယောက်ပဲထိတာလို့ ပြောတာပဲ။ ဒါပေမဲ့ ထိပြီးတဲ့နောက်ပိုင်းတော့ ကျနော်လည်း မသိတော့ဘူးတဲ့ အဲ့လိုပြောတာပဲ။ သူက ပုံမှန်အတိုင်း မုန့်သွားပို့တာ။ မနက်အစောကြီး ၅ နာရီ မုန့်သွားပို့တဲ့အချိန်မှာ အဲ့ဒီအချိန် ပစ်ကြခတ်ကြတော့ သူ့ကို လာမှန်သွားတာပေ့ါ။ အဲ့ဒါကြောင့်မို့ ကျနော်လည်း အဲ့ဒါမျိုးတွေ အဲ့ဒီအနီးနားဝန်းကျင်မျိုးတွေ မသွားသင့်ဘူးဆိုတဲ့အကြောင်း သတိပေးချက် ထုတ်ပြန်တာပေ့ါ။ ကိုယ့်အလုပ်ကိုယ်လုပ်တာတော့ လုပ်တာပေ့ါဗျ။ ဒါပေမဲ့ အဲ့ဒီလိုမျိုး ပတ်ဝန်းကျင်ကို သွားတဲ့အခါ အရမ်းသတိထားဖို့တော့ လိုအပ်လိမ့်မယ်။ ကိုယ့်အလုပ်ကြီးပဲ အာရုံစိုက်နေလို့တော့ မဖြစ်သေးဘူး။ ပတ်ဝန်းကျင်ကိုလည်း ဂရုစိုက်ဖို့တော့ လိုအပ်လိမ့်မယ်လို့ အဲ့ဒါကို သတိပေးချင်တာ။”

ဆန္ဒပြမှုတွေနဲ့ မတည်ငြိမ်မှုတွေဖြစ်နေတဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ မြန်မာအလုပ်သမားပေါင်း သန်းနဲ့ချီ ရှိတယ်လို့ အလုပ်သမားသံအရာရှိ ဦးကျော်ကျော်လွင်က ဆိုပါတယ်။ ဆန္ဒပြမှုတွေအတွင်း ဇန်နဝါရီလ ၆ ရက်နေ့မနက် ၅ နာရီခန့်က အသက် ၂၂ အရွယ် မြန်မာအလုပ်သမားတဦး သေနတ်ထိမှန်ခဲ့ပါတယ်။ ဘန်ကောက်ဆေးရုံမှာ ဆေးကုသမှုခံနေရတဲ့ မြန်မာအလုပ်သမား ကိုထွန်းထွန်းဦးရဲ့ အခြေအနေနဲ့ပတ်သက်ပြီး မိခင်ဖြစ်သူက အခုလို ပြောပါတယ်။

“သူ့နို့အပေါ်ကနေ သေနတ်ကျည်ဆံကနေ နောက်ကလာပြီး အရှေ့မှာပေါက်သွားတယ်။ ဒီမှာလာတာ အပေါက်ပဲရှိတော့တယ်။ သွေးတော့မသွင်းရဘူး။ နံရိုးကြားထဲမှာ သူတို့ ပိုက်ထည့်ထားတယ်။ ပြီးတော့ အထဲက သွေးပုတ်တွေ ဘာတွေ ထုတ်ထားတယ်ပေါ့။ မကုန်သေးဘူး။ စကားလည်း သိပ်မပြောနိုင်။ မောနေတယ်။ လာကြည့်တယ် ခုနပဲပြန်သွားတယ်။ သူတို့လည်း ပြန်လို့ရပြီ ကလေးမောတယ်။ လာမေးတယ်။ ဓာတ်ပုံလာရိုက်တယ်ပေါ့။”

သေနတ်ထိမှန်ခဲ့တဲ့ မြန်မာအလုပ်သမားရဲ့ ဆေးဝါကုသမှု စရိတ်နဲ့ပတ်သက်လို့တော့ ဘာမှ တောင်းခံခြင်း မရှိသေးဘူးလို့ မိသားစုက ဆိုပါတယ်။ သူတို့မှာလည်း အလုပ်သမားလက်မှတ် ကိုင်ဆောင်ထားတယ်လို့ ဆိုပါတယ်။ ဆန္ဒပြမှုတွေဟာ လာမယ့် ဇန်နဝါရီလ ၁၃ ရက်နေ့မှာ အရှိန်မြှင့်မှာဖြစ်ကြောင်း ထိုင်းအတိုက်အခံ ခေါင်းဆောင်တွေက ကြေညာထား တာဖြစ်တဲ့အတွက် မြန်မာအလုပ်သမားတွေအတွက်တော့ လုံခြုံရေးအပြင် ဝင်ငွေ ထိခိုက်မှုတွေ ဖြစ်လာနိုင်စရာ ရှိတယ်လို့ ထိုင်းနိုင်ငံ အခြေစိုက် ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေး ကွန်ရက် (MWRN) ဥက္ကဋ္ဌ ဦးအောင်ကျော် က ပြောပါတယ်။

“မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမား အားလုံးကို ကျနော့်အနေနဲ့ အထူး သတိပေးချင်တာက ကိုယ့်ရဲ့နိုင်ငံလည်း မဟုတ်ဘူး။ ကိုယ်က ဧည့်သည်နိုင်ငံသား၊ အလုပ်သမားတွေဖြစ်တဲ့အတွက်ကြောင့် ဒီနိုင်ငံရေး အရှုပ်အထွေးတွေကြားထဲမှာ ပါဝင်ပတ်သက်ခြင်းမရှိဖို့၊ ၁၃ ရက်နေ့ကို အတိုက်အခံတွေဘက်ကရော တမြို့လုံးနီးပါးကို ရေတွေ၊ မီးတွေ အားလုံး ဖြတ်တောက်ပြီးတော့ကို ပိတ်ပစ်မယ်လို့ သူတို့ ကြေညာထားပါတယ်ခင်ဗျ။ လုပ်ငန်းခွင်နဲ့ပတ်သက်တဲ့ နေရာက အလုပ်သမားတွေဆိုရင် သွားရေးလာရေး အန္တရာယ်ရှိသလို၊ အန္တရာယ်ရှိလု့ိ မသွားဘဲနေပြန်ရင်လည်း ဝင်ငွေတွေ အများကြီး ထိခိုက်နိုင်တယ်။ နောက် စိုးရိမ်ထိတ်လန့်စရာတွေလည်း အများကြီး ရှိလာနိုင်တယ်။”

ထိုင်းနိုင်ငံထဲမှာ ရွှေ့ပြောင်းအလုပ်သမားဦးရေ ၂ သန်းကနေ ၃ သန်းနီးပါးရှိတယ်လို့ နှစ်နိုင်ငံ အစိုးရတွေက ခန့်မှန်းထားပြီး ဒီထက်မက ရှိနိုင်တယ်လို့လည်း အလုပ်သမားရေး လုပ်ဆောင်နေတဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့တွေက ဆိုပါတယ်။

ထိုင်းနိုင်ငံရေး မတည်မငြိမ်ဖြစ်မှုဟာ အနည်းနဲ့အများဆိုသလို ရိုက်ခတ်မှုတွေတော့ ရှိတာပါ။ မြန်မာအလုပ်သမားတွေရဲ့နိုင်ငံကူးလက်မှတ် သက်တမ်း တိုးရမယ့်ကိစ္စတွေအပြင် တခြား လုပ်ငန်ခွင်တွေပါ ထိခိုက်မှုတွေ ရှိနိုင်တယ်လို့တော့ အလုပ်သမားရေး လုပ်ဆောင်နေသူတွေက ပြောဆိုပါတယ်။
XS
SM
MD
LG