သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်း တောရိုင်းထွက်ကုန်မှောင်ခို နာမည်ကြီး ဖမ်းမိလိုက်ပြီ


Boonchai Bach ကို စစ်ဆေးနေစဉ်
Boonchai Bach ကို စစ်ဆေးနေစဉ်

ထိုင်းနိုင်ငံမှာ တောရိုင်းထွက်ကုန် မှောင်ခိုကူးမှုနဲ့နာမည်ကြီးတဲ့ ထိပ်တန်း ဂိုဏ်းခေါင်းဆောင်တဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တဲ့ အကြောင်း တာဝန်ရှိသူတွေက စနေနေ့မှာပြောပါတယ်။

အသက် ၄၀ အရွယ် Boonchai Bach ဟာ အာရှဒေသမှာ တောရိုင်းတိရိစ္ဆာန်တွေကို ဆယ်နှစ်ကျော်ကြာ တရားမဝင် ကူးသန်း ရောင်းဝယ်ခဲ့တယ်လို့ သံသယရှိခံထားရသူပါ။

ပြီးခဲ့တဲ့လက အာဖရိကဒေသကနေ ဒေါ်လာ ၁ သန်းကျော်တန်တဲ့ ကြံ့ချို ၁၄ ချောင်းကို ထိုင်းနိုင်ငံထဲ ခိုးသွင်းခဲ့မှုနဲ့ ဆက်စပ်ပြီး ထိုင်း အရှေ့မြောက်ပိုင်းနယ်စပ်က Nakhon Phanom ပြည်နယ်မှာ သူ့ကို ဖမ်းလိုက်တာဖြစ်ပါတယ်။

အဲဒီကြံ့ချိုခိုးသွင်းတဲ့ဖြစ်ရပ်ထဲမှာ ထိုင်းတာဝန်ရှိသူတဦး၊ တရုတ်နိုင်ငံသားတဦးနဲ့ ဗီယက်နမ်နိုင်ငံသား သယ်ဆောင်ပေးသူတဦး တို့လည်း ပါဝင်ပတ်သက်နေတယ်လို့ ထိုင်းရဲတပ်ဖွဲ့ကပြောပါတယ်။

မစ္စတာ Boonchai ဟာ ထိုင်း-လာအိုနယ်စပ်ကနေ ဗီယက်နမ်အထိ ကျယ်ပြန့်တဲ့ မှောင်ခိုဂိုဏ်းကြီးတခုကို ဦးဆောင်နေတယ်လို့ စွပ်စွဲထားပါတယ်။ သူနဲ့သူ့မိသားစုဟာ ခိုးသတ်ပြီးရထားတဲ့ ဆင်စွယ်တွေ၊ ကြံ့ချိုတွေ၊ သင်းခွေချပ်တွေ၊ ကျားတွေ၊ ခြင်္သေ့တွေနဲ့ တခြား ရှားပါးပြီး မျိုးတုန်းတော့မယ့် တိရိစ္ဆာန်တွေကို ဆယ်နှစ်ကျော်ကြာ မှောင်ခိုရောင်းဝယ်ခဲ့တဲ့ ရာဇဝတ်ဂိုဏ်းထဲမှာ အဓိက အခန်းကဏ္ဍကပါနေတယ်လို့ တောရိုင်းထွက်ကုန် မှောင်ခိုကူးမှု ဆန့်ကျင်ရေးအဖွဲ့ Freeland Foundation ကပြောပါတယ်။

မစ္စတာ Boonchai သူ့အပေါ်စွဲချက်တွေကို ငြင်းထားတယ်လို့ ရဲတပ်ဖွဲ့ကပြောပါတယ်။ ထိုင်းနိုင်ငံရဲ့ တောရိုင်းတိရိစ္ဆာန်ကာကွယ် ရေးဆိုင်ရာဥပဒေအရ သူ့မှာအပြစ်ရှိတယ်ဆိုရင် ထောင်ဒဏ် လေးနှစ်နဲ့ ဒဏ်ငွေ ဒေါ်လာ ၁၃၀၀ ချမှတ်ခံရနိုင်ပါတယ်။

ဒါပေမဲ့လည်း ငွေမည်းခဝါချမှု၊ အကောက်ခွန်စည်းမျဉ်း ချိုးဖောက်မှုတွေနဲ့ပါ တရားစွဲဖို့ သုံးသပ်နေတယ်လို့ ထိုင်းအာဏာပိုင်တွေ ကပြောတာကြောင့် အဲဒီအမှုတွေနဲ့ဆိုရင် ထောင်ဒဏ် ၁၀ နှစ်ထိ ချမှတ်ခံရနိုင်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG