လွန်ခဲ့တဲ့ ၂ နှစ်က ၀န်ကြီးချုပ် သက်ဆင်ကို ဖြုတ်ချဖို့ ကြိုးစားမှု တရပ်အဖြစ် နိုင်ငံတော်ပိုင် ရုပ်မြင်သံကြား သတင်းဌာနကို ၀င်ရောက်စီးနင်းခဲ့သူ အ၀ါရောင်ဝတ် ဆန္ဒပြသူ အမျိုးသားရေးဝါဒီ ၇၉ ယောက်ကို ထောင်ဒဏ်ချမှတ်လိုက်ပါပြီ။
အဲဒီ အ၀ါရောင်ဝတ် အစိုးရဆန့်ကျင်ရေး ဆန္ဒပြခဲ့သူ ၇၉ ယောက်ကို တရားမ၀င် စုရုံးမှု၊ ပိုင်နက်ကျူးလွန်မှု၊ ပြည်သူပိုင်ပစ္စည်း ဖျက်ဆီးမှုနဲ့ တရားမ၀င် လက်နက် ကိုင်ဆောင်မှု စတဲ့ အမှုတွေနဲ့ ထောင်ဒဏ် ၆ လကနေ ၂ နှစ်ခွဲအထိ ချမှတ်ခဲ့တာပါ။ တခြား နိုင်ငံရေး တက်ကြွလှုပ်ရှားသူ အများအပြားကိုလည်း ဆိုင်းငံ့ထောင်ဒဏ် အသီးသီး ချမှတ်ခဲ့ပါတယ်။
ဘုရင်စနစ်နဲ့ အစိုးရ စစ်တပ်ကို ထောက်ခံသူ အ၀ါရောင်ဝတ် ဆန္ဒပြသူတွေဟာ ၂၀၀၈ ခုနှစ် သြဂုတ်လတုန်းက အစိုးရပိုင် အသံလွှင့်ဌာနကို ၀င်ရောက်စီးနင်းပြီး အဲဒီတုန်းက ၀န်ကြီးချုပ်အဖြစ် တာဝန်ယူထားတဲ့ မစ္စတာသက်ဆင်ကို ရာထူးက ဖယ်ရှားဖို့ ကြိုးစားခဲ့ကြတာပါ။
၂၀၀၈ ခုနှစ်ကုန်ပိုင်းမှာတော့ အ၀ါရောင်ဝတ် ဆန္ဒပြသူတွေဟာ ဘန်ကောက်မြို့တော်က လေဆိပ် ၂ ခုကို ပိတ်ပြီး ဆန္ဒပြခဲ့ကြတဲ့အတွက် တိုင်းပြည်ရဲ့ စီးပွားရေးကို အဓိက ထိခိုက်နစ်နာမှုတွေ ဖြစ်စေခဲ့ပါတယ်။
၂၀၀၈ ခုနှစ် ဒီဇင်ဘာလမှာတော့ တရားရုံးချုပ်က မစ္စတာသက်ဆင် အစိုးရကို ဖျက်သိမ်းကြောင်း ကြေညာပြီး အတိုက်အခံတွေကို အာဏာလွှဲပြောင်းယူဖို့ ထောက်ခံခဲ့ပါတယ်။
၂၀၀၆ ခုနှစ်ကတည်းက မစ္စတာသက်ဆင်ကို အဂတိ လိုက်စားမှုတွေနဲ့ ထိုင်းစစ်တပ်က ရာထူးက ဖယ်ရှားခဲ့တာပါ။ အခု မစ္စတာသက်ဆင်ဟာ ထောင်ဒဏ်ချမှတ်မှုကို မခံယူဘဲ ပြည်ပမှာ ထွက်ပြေး တိမ်းရှောင်နေတာလည်း ဖြစ်ပါတယ်။
မစ္စတာသက်ဆင်ဟာ သူ့ကို ထောက်ခံကြတဲ့ ကျေးလက်က လူဆင်းရဲတွေ၊ အလုပ်သမား လူတန်းစားတွေကို အနီဝတ် ဆန္ဒပြမှုကြီးတခု ဖြစ်အောင် စီမံဆောင်ရွက်ခဲ့ပါတယ်။