သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တပတ်ကြာပျောက်နေတဲ့ ထိုင်းလူငယ်ဘောလုံးသင်း ဆက်လက်ရှာဖွေ


ပျောက်ဆုံး ထိုင်းကျောင်းသားလူငယ် ဘောလုံးအသင်းနဲ့ နည်းပြတို့ကိုရှာဖွေနေကြတဲ့ ထိုင်းစစ်သည်တော်များ။
ပျောက်ဆုံး ထိုင်းကျောင်းသားလူငယ် ဘောလုံးအသင်းနဲ့ နည်းပြတို့ကိုရှာဖွေနေကြတဲ့ ထိုင်းစစ်သည်တော်များ။

လူငယ်ဘောလုံးအသင်းဝင် ၁၂ ဦးနဲ့ သူတို့နည်းပြတဦး ဝင်ရောက်သွားတဲ့ လှိုဏ်ဂူ အတွင်းဘက်ပိုင်းမှာ ရေငုပ်သမားတွေဟာ ဒီကနေ့ ဆက်လက် ရှာဖွေနေကြပါတယ်။ လွန်ခဲ့တဲ့ သီတင်းပတ်ကုန်ပိုင်းက Tham Luang ဂူအတွင်း ဝင်ရောက်သွားတဲ့ နည်းပြ အပါအဝင် အသက် ၁၁ နှစ်ကနေ ၁၆ နှစ် အတွင်း လူငယ်တွေနဲ့ ခုထိ အဆက်အသွယ် မရသေးသလို လှိုဏ်ဂူအတွင်း မိုးရေတွေ ဝင်ရောက်နေတာကြောင့် ရှာဖွေဖို့လည်း အခက်တွေ့နေတာပါ။

အခုအခါမှာတော့ အမေရိကန် Navy SEAL အထူးတပ်ဖွဲ့ဝင်တွေဟာ ဂူအတွင်းပိုင်း အတော် နက်နက်ထဲက ဒီလူငယ်တွေ ရှိမယ်လို့ ယူဆထားတဲ့ T ပုံ သဏ္ဍန် လှိုဏ်ဂူ လမ်းကြောင်းအနီးရောက်ဖို့ ၂ မိုင်လောက်သာ လိုတော့တယ်လို့ ချင်းရိုင် အုပ်ချုပ်ရေးမှူး Na rong sak Osota nakorn က ပြောပါတယ်။ အခုအခါ မိုးရာသီ ကာလဖြစ်တာကြောင့် မိုးဆက်တိုက်ရွာသွန်းနေပေမယ့်လည်းမြန်မာ၊ လာအိုနိုင်ငံနယ်စပ်နဲ့ နီးတဲ့ အဲဒီ ဝင်္ကပါ လှိုဏ်ဂူထဲကရေတွေကို ရေစုပ်စက် ဒါဇင်နဲ့ချီ အသုံးပြုပြီး စုပ်ထုတ်နေတာကြောင့် ရေကျ ဆင်းသွားပြီး အခုလို ဝင်ရောက်နိုင်ခဲ့တာပါ။ အခုသီတင်းပတ်ထဲ အဲဒီနေရာကို ရေငုပ် ရှာဖွေရေးသမားတွေ ရောက်ခဲ့ပေမယ့်လည်း ဂူထဲ စီးဝင်လာတဲ့ရေတွေကြောင့် နောက်ကြောင်း ပြန်လှည့်ခဲ့ရပါတယ်။

၇ ရက်မြောက် ဆက်လက်ရှာဖွေနေရင်း အားလုံးရဲ့စိုးရိမ်မှုကတော့ မီးအလင်းရောင်နဲ့ စားစရာမရှိတာပါ။ ကျောက်ကြိုကျောက်ကြားက ကျဆင်းလာတဲ့ရေ၊ ဒါမှမဟုတ် ဝင်ပေါက် ကနေ စီးဆင်းလာတဲ့ရေတွေကို သောက်လို့ရပေမယ့်လည်း ဒီရေတွေထဲဟာ အနီးနားက လယ်ယာတွေကိုဖြတ်ပြီး စီးလာတာကြောင့် ရောဂါပိုးတွေ၊ ဓါတု ဓါတ်တွေပါလာနိုင်တာ ကို ပညာရှင်တွေက သတိပေးထားပါတယ်။ လူငယ်တွေဟ အားကစားသမားတွေဖြစ် တာကြောင့် တလကျော် လောက် အသာလေး နေနိုင်ပေမယ့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု ကတော့ ရှိမှာဖြစ်ကြောင်း ထောက်ပြပါတယ်။

ထိုင်းနိုင်ငံ Chiang Rai ခရိုင်ထဲက အရှည် ၅ မိုင်လောက်ရှိတဲ့ ကမ္ဘာလှည့်ခရီးသွားများ လည်ပတ်လေ့ရှိတဲ့ မြေအောက် ကျောက်လှိုဏ်ဂူအတွင်းကို လူငယ် ဘောလုံးသမား အဖွဲ့ဝင်တွေ လွန်ခဲ့တဲ့သီတင်းပတ် စနေနေ့ ညနေပိုင်းကတည်းက ဝင်ရောက် လည်ပတ် ရာ ကနေ ပြန်ထွက်မထွက်လာနိုင်ဘဲ ပျောက်ဆုံးနေခဲ့တာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG