သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆန္ဒပြသမားတွေကို ထိုင်းရဲနှိမ်နင်း


ထိုင်းဆန္ဒပြပွဲ ရဲလုံခြုံရေး ဖြိုခွင်း။
ထိုင်းဆန္ဒပြပွဲ ရဲလုံခြုံရေး ဖြိုခွင်း။
ထိုင်းဝန်ကြီးချုပ် Yingluck Shinawatra ကို ရာထူးကဆင်းပေးဖို့ တရားရုံးက အမိန့်ချခဲ့သလို၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် ကလည်း ပေါ့ဆမှုအတွက် အပြစ်ရှိကြောင်း ဆုံးဖြတ်လိုက်ပြီးနောက် ပေါ်ပေါက် လာတဲ့ ဆန္ဒပြပွဲတွေကို လုံထိန်းရဲတွေက မျက်ရည်ယိုဗုံးတွေ အသုံးပြု ဖြိုခွင်းခဲ့ပါတယ်။ လူပေါင်းထောင်နဲ့ချီ ပါဝင်ကြတဲ့ ဆန္ဒပြပွဲတွေအတွင်း ဦးဆောင်သူ တဦးဖြစ်တဲ့ Suthep Thaugsuban ရဲ့ ဒီကနေ့ မိန့်ခွန်းထဲမှာတော့ လွှတ်တော်၊ ဝန်ကြီးချုပ်ရုံးနဲ့ တီဗွီသတင်းဌာန ၅ ခုရှေ့မှာ ဆန္ဒပြစုဝေးပြီး အစိုးရက အသုံးမချနိုင်အောင် ဟန့်တားကြဖို့ တိုက်တွန်းခဲ့တာပါ။

ဖွဲ့စည်းအုပ်ချုပ်ပုံ တရားရုံးကတော့ ထိုင်းအစိုးရ တာဝန်ရှိသူတဦးကို ရာထူးအပြောင်းအရွှေ့ လုပ်ရာမှာ မမှန်မကန် လုပ်ခဲ့တယ်ဆိုပြီး ဗုဒ္ဓဟူးနေ့ကပဲ ဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ဝင် ၉ ယောက်ကို ရာထူးကဆင်းပေးဖို့ အမိန့်ချခဲ့ပါတယ်။ ယာယီဝန်ကြီးချုပ်နေရာမှာတော့ ရာထူးကထွက်ခဲ့ရတဲ့ ဝန်ကြီးချုပ် ယင်လတ်နဲ့ အကိုဖြစ်သူ ဝန်ကြီးချုပ်ဟောင်း တပ်ဆင်တို့နဲ့ နီးစပ်သူ တဦးလည်းဖြစ်တဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Niwatthamrong Boonsongphaisan ကို အစားထိုး ခန့်အပ်ခဲ့တာပါ။

တရားရုံး ဆုံးဖြတ်ချက်တွေအရ ဝန်ကြီးချုပ် ရာထူးကထွက်ခဲ့ရပေမဲ့လည်း အစိုးရအဖြစ် ဆက်လက် ရပ်တည်နေတဲ့ အပေါ်မှာတော့ ဆန္ဒပြသူ တော်တော်များများက မကျေမနပ် ဖြစ်နေကြပြီး နောက်ဆုံး ဖိအားပေးတဲ့အနေနဲ့ ဒီကနေ့မှာ ဆန္ဒပြပွဲတွေ အကြီးအကျယ် ဆင်နွှဲဖို့ ကြိုးစားခဲ့ကြတာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ကတော့ အစိုးရရဲ့ စပါးဝယ်ယူရေး အစီအစဉ်မှာ အဂတိမကင်းတာ၊ ဒေါ်လာသန်းပေါင်း ထောင်ချီ ဆုံးရှုံးတာတွေ အတွက် ဝန်ကြီးချုပ်မှာ တာဝန်ရှိကြောင်း လုံလောက်တဲ့ အထောက်အထား ရှိတယ်လို့လည်း ပြောဆိုထားတာပါ။
XS
SM
MD
LG