ထိုင်းနိုင်ငံမှာ အစိုးရက အရေးပေါ် အခြေအနေ ကြေညာချက်ကို နောက်ထပ် သက်တမ်း ၃ လ တိုးလိုက်ပြီးတဲ့ နောက်မှာပဲ အစိုးရ မူဝါဒတွေကို ဝေဖန်ရေးသားနေတဲ့ ရာနဲ့ချီတဲ့ အင်တာနက် စာမျက်နှာတွေ အပါအဝင် သတင်းစာတိုက်တွေ၊ အသံလွှင့်ဌာနတွေကို ပိတ်လိုက်ပါတယ်။ ဒီအပေါ်မှာ သတင်းလွတ်လပ်ခွင့် ဆောင်ရွက်နေကြတဲ့ အဖွဲ့တွေက စိုးရိမ်နေကြပါတယ်။
ထိုင်းနိုင်ငံရဲ့ သတင်းလွတ်လပ်ခွင့်ဟာ ဒေသတွင်းမှာ တချိန်က အတုယူစရာကောင်းအောင် ပွင့်လင်းခဲ့ပေမဲ့ အခုတော့ ဒီလို အခြေအနေ မဟုတ်တော့ဘူးလို့ နယ်စည်းမခြား သတင်းထောက်များ အဖွဲ့က အာရှဒေသဆိုင်ရာ ညွှန်ကြားရေးမှုးက ပြောပါတယ်။
အစိုးရကို ဝေဖန်နေသူတွေရဲ့ သဘောထား အမြင်တွေကို လူသိရှင်ကြား မဖြစ်အောင် အခုလို သတင်းဌာနတွေကို အစိုးရက နိုင်ငံရေးနည်းသုံး ပိတ်ပင်လိုက်တာလို့ တချို့ကလည်း ဝေဖန်နေကြပါတယ်။
မေလက လူပေါင်း ၉၀ လောက် သေဆုံးခဲ့ရတဲ့ အကြမ်းဖက်မှုမျိုးတွေ ထပ်မဖြစ်အောင် အစိုးရအပေါ် အမုန်းပွားစေတဲ့ ပြောဆို ရေးသားမှုတွေကို တားဆီးဖို့ လိုအပ်တယ်လို့ အစိုးရက ပြောပါတယ်။ အရေးပေါ် အခြေအနေ ကြေညာချက်ကို ဖယ်ရှားလိုက်တာနဲ့ သတင်းလွတ်လပ်ခွင့် ပိတ်ပင်မှုတွေကိုလည်း ဖယ်ရှားပေးမှာ ဖြစ်ပါတယ်လို့ အစိုးရက အလေးထားပြီး ပြောခဲ့ပါတယ်။