သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငွေလိမ်ဂိုဏ်းတွေ နှိမ်နှင်းဖို့ ထိုင်း-တရုတ် ညှိနှိုင်းရေးရုံးဖွင့်မည်


ထိုင်း-မြန်မာနယ်စပ် ရနောင်းမြို့ ထိုင်း-တရုတ် စက်မှုဇုန်အတွင်းရှိ ထိုင်း-တရုတ် အလံများ (REUTERS/Chaiwat Subprasom)
ထိုင်း-မြန်မာနယ်စပ် ရနောင်းမြို့ ထိုင်း-တရုတ် စက်မှုဇုန်အတွင်းရှိ ထိုင်း-တရုတ် အလံများ (REUTERS/Chaiwat Subprasom)

ထိုင်း၊ မြန်မာနဲ့ ကမ္ဘောဒီယားနိုင်ငံ နယ်စပ်ဒေသတွေမှာ တရှိန်ထိုးကြီးမားကျယ်ပြန့်နေတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို နှိမ်နှင်းနိုင်ဖို့ ထိုင်းနဲ့ တရုတ် ညှိနှိုင်းရေးရုံးတခုကို ဘန်ကောက်မြို့မှာ ဖွင့်လှစ်တော့မှာ ဖြစ်ပါတယ်။

ထိုင်း-တရုတ် ပေါင်းစပ်ညှိနှိုင်းရေးရုံးကို ဘန်ကောက်က ရဲဌာနချုပ်ထဲမှာ ဖွင့်လှစ်မှာဖြစ်သလို၊ မြန်မာနဲ့နယ်စပ်ဖြစ်တဲ့ မဲဆောက်ခရိုင်ထဲမှာလည်း နောက်ထပ်ရုံးတခုဖွင့်ဖို့ တရုတ်အာဏာပိုင်တွေက ပြင်ဆင်နေတယ်လို့ ထိုင်းရဲတပ်ဖွဲ့က သောကြာနေ့က ပြောကြားခဲ့ပါတယ်။ နှစ်နိုင်ငံ ညှိနှိုင်းရေးရုံးရဲ့ လုပ်ငန်းတွေ ဖေဖော်ဝါရီလထဲမှာ စတင်နိုင်မယ်လို့ ခန့်မှန်းကြောင်း ဘန်ကောက်မြို့တော်မှာ ထိုင်းနဲ့ တရုတ်အာဏာပိုင်တွေ ဆွေးနွေးခဲ့ပြီးနောက် ကြေညာချက် ထုတ်ပြန်တာ ဖြစ်ပါတယ်။

ထိုင်းရဲတပ်ဖွဲ့အနေနဲ့ တရုတ်တို့နဲ့အတူ ပူးပေါင်းပြီး မြန်မာနိုင်ငံ မြဝတီမြို့နယ်ထဲမှာ အခြေစိုက်တဲ့ ငွေလိမ်ဂိုဏ်းတွေ၊ ကမ္ဘောဒီယား နယ်စပ်တလျှောက်က ငွေလိမ်ဂိုဏ်းတွေကို ဖော်ထုတ်စုံစမ်းနှိမ်နှင်းသွားမယ်လို့ ပြောပါတယ်။ ထိုင်းနိုင်ငံသားတွေအပါအဝင် နိုင်ငံစုံကသူတွေကို ဖျားယောင်းပြီး ငွေလိမ်ဂိုဏ်းတွေမှာ အလုပ်လုပ်ဖို့ လိမ်ညာခေါ်ဆောင်ခံရမှုတွေ ပိုများလာနေတာနဲ့အတူ ဒီကိစ္စကို အရေးယူပေးဖို့ ထိုင်းပြည်သူတွေက အာဏာပိုင်တွေအပေါ် တိုက်တွန်းမှုတွေ များနေချိန်မှာ အခုလို တရုတ်နဲ့ ပူးပေါင်းနှိမ်နှင်းဖို့ ဖြစ်လာတာပါ။

တရုတ်နိုင်ငံမှာလည်း တရုတ်နိုင်ငံသားတွေ အွန်လိုင်းကနေ ငွေကြေးလိမ်ညာခံနေရတဲ့အပြင် ငွေလိမ်စင်တာတွေမှာ အလုပ်လုပ်ဖို့ နယ်စပ်ဖြတ်ကျော် ဖျားယောင်းဖမ်းဆီးခံရသူတွေ ရှိနေတဲ့အပေါ် တရုတ်အစိုးရရဲ့ စိုးရိမ်မှုတွေ တိုးလာနေပါတယ်။ အင်္ဂါနေ့ကလည်း တရုတ်နိုင်ငံ ကူမင်းမြို့မှာ တရုတ်၊ မြန်မာနဲ့ ထိုင်းနိုင်ငံက တာဝန်ရှိသူတွေ တွေ့ဆုံဆွေးနွေးပြီး အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို ပူးပေါင်းနှိမ်နှင်းဖို့ သဘောတူညီချက်ရခဲ့တယ်လို့ တရုတ်အစိုးရ သတင်းမီဒီယာက ဖော်ပြပါတယ်။

Forum

XS
SM
MD
LG