သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘန်ကောက်မြို့မှာ ဗုံး ၃ လုံး တွေ့ရှိ


ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ မပေါက်ကွဲသေးတဲ့ ဗုံး ၃ လုံးကို ရဲတွေက ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဘန်ကောက်မြို့တော်မှာ သွေးထွက်သံယို အကြမ်းဖက် လုပ်ရပ်တွေနဲ့ တိုက်ခိုက်ဖို့ ကြိုးပမ်းမှုတွေထဲက ဒါဟာ နောက်ဆုံး တွေ့မြင်ခဲ့ကြရတဲ့ လုပ်ရပ်ပါ။

ဘန်ကောက်မြို့တခွင်က ကျောင်းတကျောင်း၊ ကျန်းမာရေး ဝန်ကြီးဌာနတွေရဲ့ အပြင်ဘက်နဲ့ ကုန်တိုက်တခု အနီးတို့မှာ အိမ်တွင်းလုပ် ဗုံးတွေကို ရှာတွေ့ခဲ့တာလို့ အာဏာပိုင်တွေက မနေ့တုန်းကပဲ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

အသေအပျောက်တွေ ရှိခဲ့တဲ့အထိ ဖြစ်ပွားခဲ့တဲ့ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကနေ ဘန်ကောက်မြို့ ပြန်လည် နာလန်ထူလာနေတာတွေကို အဟန့်အတား ဖြစ်စေတဲ့ လွန်ခဲ့တဲ့ ၂ လအတွင်း အသေးစား တိုက်ခိုက်မှုတွေ ဆက်တိုက်ဆိုသလို ကြုံခဲ့ရပြီးတဲ့နောက် အခုလို ဗုံးတွေ ထပ်ပြီး တွေ့ခဲ့တာလည်း ဖြစ်ပါတယ်။

ဒီနှစ်ဆန်းပိုင်းမှာတုန်းကတော့ ထိုင်းဝန်ကြီးချုပ် အဘီဆစ် ဝိတ်ဂျာဂျီ၀ (Abhisit Vejjajiva) နဲ့ သူ့အစိုးရဟာ တရားမဝင် အာဏာရယူထားတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အင်္ကျီနီဝတ် ဆန္ဒပြသူ ထောင်ပေါင်းများစွာက ဘန်ကောက်မြို့ရဲ့ အချက်အချာ နေရာတွေကို သီတင်း ၁၀ ပတ်လောက် ကြာအောင် သိမ်းပိုက်ထားခဲ့တာပါ။

ဆန္ဒပြပွဲတွေအတွင်း ပဋိပက္ခမှုတွေကြောင့် လူပေါင်း ၉၁ ယောက် သေဆုံးပြီး ၁,၄၀၀ ကျော် ထိခိုက်ဒဏ်ရာတွေ ရခဲ့ကြပါတယ်။

နိုင်ငံရေး အကျပ်အတည်းတွေ ကြုံခဲ့ရစဉ်ကစလို့ ဝန်ကြီးချုပ် အဘီဆစ်က ဘန်ကောက်မြို့တော်ကို အရေးပေါ် အုပ်ချုပ်ရေး ကြေညာထားတာ အခုအချိန်အထိ ဖြစ်ပါတယ်။

XS
SM
MD
LG