သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်နက်မဲ့ ဆန္ဒပြသူတွေ သပိတ်စခန်းက ထွက်ဖို့ ထိုင်းအစိုးရကြေညာ


ထိုင်းနိုင်ငံမြို့ တော် ဘန်ကောက်မြို့ လည်ခေါင်မှာ သပိတ်စခန်းဖွင့်ပြီး ဆန္ဒပြနေကြတဲ့ သူတွေထဲက အမျိုးသမီး၊ ကလေးငယ်တွေ၊ အသက်အရွယ်ကြီးတဲ့ သူတွေနဲ့  လက်နက်မပါတဲ့ ဆန္ဒပြသူတွေ ဒီကနေ့ တနင်္လာနေ့ မွန်းတည့်ချိန်နောက်ဆုံးထားပြီး သပိတ်စခန်းထဲကနေ ထွက်ပေးကြဖို့ ထိုင်းအစိုးရက ကြေညာထားပါတယ်။

လုံခြုံရေးတပ်ဖွဲ့တွေရဲ့  အစီအစဉ်အရ ကြက်ခြေနီလို ကြားနေတဲ့ အဖွဲ့အစည်းမျိုးကို သပိတ်စခန်းထဲကို ဝင်ခွင့်ပေးပြီးတော့ လူတွေကို စခန်းထဲကနေ ထွက်ဖို့ တိုက်တွန်းမယ်လို့ ထိုင်းစစ်တပ် ပြောခွင့်ရပုဂ္ဂိုလ်တဦး ဆိုပါတယ်။ မြို့ တော် ဘန်ကောက်မှာ အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူတွေနဲ့ အစိုးရလုံခြုံရေးတပ်ဖွဲ့အကြား (၄) ရက် ဆက်တိုက် အပြင်းအထန် တိုက်ခိုက်နေကြတာကို အဆုံးသတ်စေဖို့ ကုလသမဂ္ဂကနေ ကြားဝင်စေ့စပ်ပေးရေး ဆန္ဒပြသူတွေဘက်က တောင်းဆိုချက်ကို ထိုင်းအစိုးရကပယ်ချလိုက်ပါတယ်။

ဆန္ဒပြသူတွေ သပိတ်စခန်း ဖွင့်ထားတဲ့နေရာကို ရှင်းလင်းရေး စစ်ဆင်မှုကို စစ်တပ်က ဆက်ပြီးလုပ်သွားမယ်လို့ ထိုင်းအစိုးရပြောခွင့်ရ ပုဂ္ဂိုလ် ပနိတန် ဝါတနာယဂွန် (Panitan Wattanayagor) က မနေ့ကပြောလိုက်ပါတယ်။ ဆန္ဒပြသူတွေရဲ့  သပိတ်စခန်းက ဘန်ကောက်မြို့ တော်ရဲ့  စီးပွါးရေးအရ အချက်အခြာကျတဲ့ မြို့ လည်ခေါင်မှာ လုပ်ထားတာပါ။ ထိုင်းနိုင်ငံရဲ့  ပြည်တွင်းရေးကို ဘယ်နိုင်ငံခြားအဖွဲ့အစည်းကမှ ဝင်ပြီးစွက်ဖက်တာကို ထိုင်းအစိုးရက ခွင့်ပြုမှာ မဟုတ်ဘူးလို့လည်း အစိုးရပြောခွင့်ရ ပုဂ္ဂိုလ်ကဆိုပါတယ်။

နိုင်ငံတော်ရဲ့  အရေးပေါ် အခြေအနေ ထုတ်ပြန်ထားတဲ့ပြည်နယ် နောက်ထပ် (၅) ခုကို မနေ့ကထပ်တိုးလိုက်လို့ အခုဆိုအရေးပေါ် အခြေအနေ ထုတ်ပြန်ထားတဲ့ ပြည်နယ် (၂၂) ခု ရှိသွားပါပြီ။ ထိုင်းနိုင်ငံမှာ ပြည်နယ် (၇၆) ခုရှိပါတယ်။ ဒီကနေ့နဲ့ မနက်ဖြန်ကိုလည်း လူထု အားလပ်ရပ်အဖြစ် ထိုင်းအစိုးရက ကြေညာထားပြီး စစ်တပ်က မြို့ တော်ကို ထိန်းချုပ်ထားမှာမို့ အရပ်သူအရပ်သားတွေ လမ်းမတွေပေါ်ကို မထွက်ကြဖို့ သတိပေးထားပါတယ်။

မနေ့ညပိုင်းက ဘန်ကောက်မြို့ လည်ခေါင်မှာ သေနတ်သံတွေ၊ ပေါက်ကွဲသံတွေ ကြားနေရပါတယ်။ လုံခြုံရေးတပ်ဖွဲ့တွေက အနီရောင် အင်္ကျီဝတ် ဆန္ဒပြသူတွေကို ပစ်ခတ်တာတွေ လုပ်သလိုပဲ ဆန္ဒပြသူတွေဘက်ကလည်း သေနတ်တွေနဲ့ ပြန်ပစ်၊ မီးလောင်ဗုံးတွေနဲ့ ပေါက်၊ ခဲတွေနဲ့ ပြန်ပေါက်တာတွေ လုပ်ခဲ့ကြပါတယ်။


ဆန္ဒပြသူတွေက သူတို့သပိတ်စခန်းပတ်ပတ်လည်မှာ မော်တော်ကား တာယာတွေကိုလည်း မီးရှို့ ထားကြပါတယ်။ ပြီးခဲ့တဲ့ ကြာသပတေးနေ့က စတင်ခဲ့တဲ့ တင်းမာမှု တွေကြောင့် အရပ်သူအရပ်သား အနည်းဆုံး (၃၁) ဦးသေဆုံးပြီး (၂၃၀) လောက် ဒဏ်ရာတွေရခဲ့တယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောဆိုပါတယ်။ မနေ့တုန်းကတော့ ဘန်ကောက်မြို့ တော်ရဲ့  အပြင်ဘက် ဧရိယာတွေနဲ့ တခြားမြို့ နယ်တွေဆီကို ဆန္ဒပြသူတွေ လူဖြန့်ထားကြပါတယ်။ ဘန်ကောက်မြို့ လည် သပိတ်စခန်းကနေ အပြင်ကိုထွက်ပြီး လူဖြန့်ထားကြဖို့ ဆန္ဒပြ ခေါင်းဆောင်တွေက ပြောထားတာပါ။ လက်ရှိ ထိုင်းအစိုးရပြုတ်ကျရေး ဆန္ဒပြမှုတွေကို ပြီးခဲ့တဲ့ မတ်လကတည်းက ဘန်ကောက်မြို့ မှာ သပိတ်စခန်းဖွင့်ပြီး လုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။

XS
SM
MD
LG