သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငွေမည်း ခဝါချမှု မြန်မာတချို့ ထိုင်းမှာ ဖမ်းဆီးခံရ


အွန်လိုင်းလောင်းကစားလုပ်ငန်း လုပ်နေတဲ့ Gofuk ကွန်ရက်ကို ထိုင်းအထူးစုံစမ်းရေးဌာန (DSI) ဝင်ရောက်ဖမ်းဆီး (ဓါတ်ပုံ - DSI)
အွန်လိုင်းလောင်းကစားလုပ်ငန်း လုပ်နေတဲ့ Gofuk ကွန်ရက်ကို ထိုင်းအထူးစုံစမ်းရေးဌာန (DSI) ဝင်ရောက်ဖမ်းဆီး (ဓါတ်ပုံ - DSI)

ထိုင်းနိုင်ငံထဲမှာ မြန်မာတွေအပါအဝင် အိမ်နီးချင်းနိုင်ငံကသူတွေကို ပစ်မှတ်ထား ငွေလိမ်တဲ့ အွန်လိုင်းလောင်းကစားလုပ်ငန်း လုပ်နေတဲ့ Gofuk ကွန်ရက်ကို ထိုင်းအထူးစုံစမ်းရေးဌာနက စတင်နှိမ်နှင်းနေပါတယ်။ ဖေဖော်ဝါရီလ ၁ ရက်မှာ စတင်တဲ့ စစ်ဆင်ရေးအတွင်း ငွေကြေးခဝါချမှု အခွန်လိမ်မှုတို့နဲ့ လောလောဆယ် ဖမ်းဆီးထားသူတွေထဲမှာ မြန်မာတွေလည်း ပါဝင်တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြကြပါတယ်။ VOA သတင်းထောက် မအေးအေးမာ အပြည့်အစုံဆက်ပြောပြပါမယ်။

အွန်လိုင်းကနေ တရားမဝင် ချဲထီလုပ်ငန်းတွေလုပ်ပြီး ငွေမည်းငွေဖြူ ခဝါချနေတဲ့ Gofuk ဆိုတဲ့ ကွန်ရက်ကို ထိုင်းအထူးစုံစမ်းရေးဌာန DSI က စတင်နှိမ်နင်းနေတာမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့က နေရာပေါင်း ၂၇ နေရာကို ဝင်ရောက် ရှိဖွေခဲ့တယ်လို့ DSI က သတင်းထုတ်ပြန်ပါတယ်။ ရှာဖွေ စစ်ဆေးမှုတွေအတွင်းတချို့ကို ဖမ်းဆီးခဲ့ပါတယ်။ ဘယ်သူတွေကို ဖမ်းဆီးခဲ့တယ်ဆိုတာကို DSI က မဖော်ပြပေမဲ့ ဖမ်းဝရမ်းထုတ်ထားတဲ့ထဲမှာ ထိုင်းနဲ့ မြန်မာနိုင်ငံသား ၂ ခုလုံး ခံယူထားတဲ့ Grand Andaman သူဌေးကျွန်း ဟိုတယ်ပိုင်ရှင် ဦးကျော်လွင် ပါဝင်တယ်လို့ ထိုင်းကလာတဲ့သတင်းတွေမှာ ဖော်ပြပါတယ်။ ၁၈ ဦးကို ဖမ်းဝရမ်းထုတ်ထားတဲ့ထဲက ၇ ဦးကို ဖမ်းမိထားတယ်လို့ ဒီနေ့ ဖေဖော်ဝါရီ ၃ ရက်မှာ ပြုလုပ်တဲ့သတင်းစာရှင်းပွဲမှာ အထူးစုံစမ်းစစ်ဆေးရေးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် Yutthana Praedam ယုထနာ ပရီဒမ် က အခုလို ထိုင်းဘာသာနဲ့ ပြောကြားခဲ့ပါတယ်။

"သံသယရှိသူ ၁၈ ဦးထဲက ၇ ဦးကို ဖမ်းမိထားပြီ ဖြစ်ပါတယ်။ အဓိကတရားခံ ဟိုတည်ပိုင်ရှင်ကိုတော့ ဖမ်းမမိသေးပါဘူး။ ဖမ်းမိသူတွေထဲမှာ သူ့ရဲ့ လက်ရုံးတဦးနဲ့ ဇနီးသည်တို့ ပါဝင်တယ်လို့ ပြောသွားတာ ဖြစ်ပါတယ်။ သူက ဟိုတယ်တခုပိုင်ရှင်လို့ ပြောသွားပေမဲ့ နာမည်ကိုတော့ ထုတ်ဖော်ပြောခြင်း မရှိဘဲ၊ ထိုင်းနိုင်ငံသားအဖြစ် ခံယူထားတဲ့ မြန်မာဖြစ်တယ်လို့သာ ပြောပါတယ်။ မြန်မာနိုင်ငံဘက်ကို တိမ်းရှောင်သွားတယ်လို့လည်း အထူးစုံစမ်းစစ်ဆေးရေးဌာန DSI ဒုတိယညွှန်ကြားရေးမှူးချုပ် Yutthana Praedam ကပြောပါတယ်။ Gofuk ကွန်ရက်ဟာ ဆီမှောင်ခိုလုပ်ငန်းတွေနဲ့လည်း ဆက်စပ်နေတယ်လို့ အထူးစစ်ဆင်ရေး တာဝန်ရှိသူက ပြောပါတယ်။

အခုလို သံသယရှိတဲ့သူတွေရဲ့နေအိမ်တွေကို ဝင်ရောက် စစ်ဆေးခဲ့ရတာက ထိုင်းအစိုးရ ဖမ်း၀ရမ်းထုတ်ထားတဲ့ တရားခံတွေကို ရှာဖွေဖို့နဲ့ သူတို့ပိုင်ဆိုင်မှုတွေကို စစ်ဆေးသိမ်းဆည်းဖို့ ဖြစ်တယ်လို့ ပြောသွားတာ ဖြစ်ပါတယ်။

ဖေဖော်ဝါရီ ၁ ရက်က ရနောင်း၊ နံထဘူရီနဲ့ ဘန်ကောက်စတဲ့ ခရိုင်တွေက နေရာပေါင်း ၂၇ ခုကို ဝင်ရောက်ရှာဖွေမှုအတွင်း ဇိမ်ခံကားတွေ၊ အသုံးအဆောင်ပစ္စည်းတွေ၊ လက်ဝတ်ရတနာတွေအပြင် လက်နက်တွေကိုပါ သက်သေအဖြစ် သိမ်းဆည်းခဲ့တယ်လို့ DSI ရဲ့ ထုတ်ပြန်ချက်မှာ ဓါတ်ပုံတွေနဲ့တကွ ဖော်ပြပါတယ်။ Gofuk လောင်းကစားကွန်ရက်ဟာ ဆီမှောင်ခိုလုပ်ငန်းတွေရဲ့ အခွန်ရှောင်မှုနဲ့လည်း ဆက်နွယ်ချိတ်ဆက်နေတာမှာ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်အတွင်း ဆီမှောင်ခိုလုပ်ငန်းတွေက ဘတ်ငွေသန်းပေါင်း ၁ သောင်းဖိုးလောက် အခွန်ရှောင်ပြီး ငွေမည်းခဝါချခဲ့တယ်လို့ ထိုင်းအထူးစုံစမ်းရေးဌာနက ပြောပါတယ်။ ဒီအမှုတွေနဲ့ပတ်သက်လို့လည်း ဆက်လက် စုံစမ်းနေတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG