သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းဘုရင်စံနစ် ပုတ်ခတ်ရေးသားသူ ထောင်ဒဏ် အနှစ် ၂၀


ထိုင်းဘုရင်စံနစ် ပုတ်ခတ်ရေးသားသူ ထောင်ဒဏ် အနှစ် ၂၀
ထိုင်းဘုရင်စံနစ် ပုတ်ခတ်ရေးသားသူ ထောင်ဒဏ် အနှစ် ၂၀

ထိုင်းနိုင်ငံမှာ တရားရုံးတခုက နိုင်ငံရဲ့ဘုရင် မိသားစုကို စော်ကားတယ်လို့ ထိုင်းအာဏာပိုင်တွေ စွဲဆိုထားတဲ့ လူတဦးကို နှစ် ၂၀ ထောင်ဒဏ် ချမှတ်လိုက်ပါပြီ။ ဘန်ကောက်မြို့ ရာဇဝတ် တရားခုံရုံးကနေ ဒီကနေ့မှာပဲ အသက် ၆၁ နှစ် ရှိပြီဖြစ်တဲ့ အမ်ပွန်း တန်နော်ပါကူးလ် (Ampon Tangnoppakul) ဟာ မနှစ် မေလက အဲဒီအချိန်က ဝန်ကြီးချုပ်ဖြစ်သူ အဘီဆစ် ဝိချာချီဝထံကို ဒီ မသင့်လျော်တဲ့ သတင်းစကား (Message) ပေးပို့ခဲ့မှုနဲ့ အပြစ်ရှိခဲ့တယ်လို့ အမိန့်ချလိုက်တာပါ။

ထိုင်းအာဏာပိုင်တွေက ဒီသတင်းစကားတွေထဲမှာ ဘာတွေပါလဲဆိုတာကို အတိအကျ ထုတ်မပြောခဲ့ပေမယ့် ဒီသတင်းစကားတွေဟာ ဘုရင်စံနစ်ကို စော်ကားတာလို့ ယူဆလို့ ရပြီး ဒီသတင်းစကား လက်ခံခဲ့ရသူ အတွက်လည်း စိတ်ပျက်စေခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ထိုင်းနိုင်ငံမှာ အန်ကယ်လ် အက်စ်အမ်အက်စ် (SMS) လို့ လူသိများပြီး အပြစ်ပေးခံရတဲ့ အမ်ပွန်းကတော့ သူ့အနေနဲ့ အပြစ်မရှိဘူးလို့ ပြောဆိုနေဆဲဖြစ်ပြီး ဒီသတင်းစကား ပေးပို့ခဲ့တဲ့ ဖုန်းကဒ်၊ ဆင်းမ်ကဒ်ကိုလည်း သူပိုင်တာမဟုတ်ဘူးလို့ ဆက်လက် ငြင်းထားပါတယ်။

မစ္စတာ SMS ခေါ် မစ္စတာ အမ်ပွန်းဟာ ပြီးခဲ့တဲ့နှစ် သြဂုတ်လက အဖမ်းခံခဲ့ရပြီး တိုင်းပြည်ရဲ့ ဘုရင်စံနစ်ကို စော်ကားမှုဆိုင်ရာ ကွန်ပြူတာ ပြစ်မှု ဥပဒေနဲ့ ပြစ်မှုလုပ်ငန်းစဉ် ကျင့်ထုံးတွေကို ချိုးဖောက်ခဲ့တယ်လို့ စွပ်စွဲ ခံခဲ့ရတာပါ။

တချို့ သုံးသပ်သူတွေကတော့ အခုလို ထိုင်းနိုင်ငံ ဘုရင်မင်းမြတ်ကို စော်ကားတယ်လို့ စွပ်စွဲ ခံရသူတွေကို အရေးယူခဲ့တာတွေဟာ မကြာခင် လတွေအတွင်းမှာ ပိုပြီး မြင့်မားလာခဲ့တယ်လို့ ဆိုပါတယ်။

XS
SM
MD
LG