သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စုနဲ့ အကျိုးရှိမယ့် ဆွေးနွေးမှု ပြုလုပ်ဖို့ ထိုင်းဝန်ကြီးချုပ် မျှော်လင့်


ဒေါ်စုနဲ့ အကျိုးရှိမယ့် ဆွေးနွေးမှု ပြုလုပ်ဖို့ ထိုင်းဝန်ကြီးချုပ် မျှော်လင့်
ဒေါ်စုနဲ့ အကျိုးရှိမယ့် ဆွေးနွေးမှု ပြုလုပ်ဖို့ ထိုင်းဝန်ကြီးချုပ် မျှော်လင့်

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာ့ဒီမိုကရေစီရေး ဖော်ဆောင်ရာမှာ ထိုင်းအစိုးရ အနေနဲ့ မြန်မာစစ်အစိုးရနဲ့တင် မဟုတ်ဘဲ သူတို့နဲ့ပါ ထိတွေ့ ဆက်ဆံသွားဖို့ ပြောဆိုခဲ့ပြီးနောက်မှာ ထိုင်းဝန်ကြီးချုပ် အဘီဆစ် ဝိတ်ချာချီ၀ (Abhisit Vejjajiva) ကို ဒေါ်အောင်ဆန်းစုကြည်က မကြာခင်မှာ တယ်လီဖုန်းကနေ တဆင့် စကားပြောဆိုဖို့ ရှိတယ်လို့ ထိုင်းပြောခွင့်ရပုဂ္ဂိုလ်က ဒီကနေ့ပဲ ပြောဆိုခဲ့ပါတယ်။

ထိုင်းနိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ၊ ဒုက္ခသည်တွေနဲ့ ပတ်သက်လို့လည်း ထိုင်းနိုင်ငံဟာ လူသားချင်း စာနာမှုဆိုင်ရာ ကူညီထောက်ပံ့မှုတွေမှာ ကောင်းမွန်တဲ့ မှတ်တမ်းတွေ ရှိပါတယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ တိုက်တွန်း တောင်းဆိုချက်ကို တုံ့ပြန်ခဲ့ပြီး မြန်မာနိုင်ငံမှာ တိုးတက်တဲ့ အရိပ်လက္ခဏာတွေကို ထိုင်းနိုင်ငံ အနေနဲ့ ဆက်လက် မြင်တွေ့လိုပါတယ်လို့လည်း ပြောဆိုခဲ့ပါတယ်။ အပြည့်အစုံကို ဆက်သွယ် မေးမြန်းထားတဲ့ မနန္ဒာချမ်းက တင်ပြပေးထားပါတယ်။

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြီးခဲ့တဲ့ အင်္ဂါနေ့ကပဲ Thai-Asean News Network နဲ့ ပြုလုပ်တဲ့ မေးမြန်းခန်းတခုမှာ ထိုင်းအစိုးရ အနေနဲ့ မြန်မာ့ဒီမိုကရေစီရေး ဖော်ဆောင်တဲ့ နေရာမှာ လက်ရှိ အုပ်ချုပ်နေတဲ့ မြန်မာစစ်အစိုးရနဲ့တင် မဟုတ်ဘဲ တိုင်းပြည်မှာ ဒီမိုကရေစီရေးအတွက် လုပ်ဆောင်နေကြတဲ့ နိုင်ငံရေး အဖွဲ့အစည်းတွေဖြစ်တဲ့ သူမတို့နဲ့ပါ ထိတွေ့ဆက်ဆံဖို့ကို ပြောဆိုခဲ့ပါတယ်။

အဲဒီလို ပြောဆိုခဲ့ပြီးနောက်မှာ ဒေါ်အောင်ဆန်းစုကြည်ကနေ တယ်လီဖုန်း ခေါ်ကောင်း ခေါ်လိမ့်မယ်လို့လည်း ထိုင်းဝန်ကြီးချုပ်ရုံးကို အကြောင်းကြားထားကြောင်း ထိုင်းအစိုးရ ပြောခွင့်ရပုဂ္ဂိုလ် ပန်နိတန် ဝပ်ထနာယာဂွန် (Panitan Wattanayagorn) က ပြောပါတယ်။ ဒါကြောင့် ထိုင်းအစိုးရ အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အကျိုးရှိမယ့် ဆွေးနွေးမှုမျိုးတွေ လုပ်ဆောင်နိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း မစ္စတာ ပန်နိတန်က အခုလို ပြောခဲ့ပါတယ်။

“သိပ်မကြာခင် တချိန်ချိန်မှာ ဒေါ်အောင်ဆန်းစုကြည်က တယ်လီဖုန်း ခေါ်ကောင်းခေါ်လိမ့်မယ်လို့ ကျနော်တို့ ဝန်ကြီးချုပ်ရုံးကို အကြောင်းကြားထားပါတယ်။ ကျနော်တို့ ဝန်ကြီးချုပ် အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အကျိုးရှိမယ့် ဆွေးနွေးပြောဆိုမှုမျိုးတွေ လုပ်နိုင်လိမ့်မယ်လို့လည်း မျှော်လင့်နေပါတယ်။ မနှစ်တုန်းက အာဆီယံအသင်း ဥက္ကဋ္ဌ အနေနဲ့ ဝန်ကြီးချုပ် အဘီဆစ်က မြန်မာပြည်သူတွေ အနေနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်ကို ဦးတည်တဲ့ လုပ်ရပ်တွေ လုပ်ဖို့ အသင်းရဲ့ ရပ်တည်ချက်ကိုလည်း ထောက်ခံခဲ့တာပါ။

“ကျနော်တို့ အနေနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး လုပ်ငန်းတွေ ရှေ့တိုး ဆောင်ရွက်နိုင်မယ်လို့လည်း မျှော်လင့်ပါတယ်။ မြန်မာပြည်သူတွေရဲ့ ဆုံးဖြတ်ချက်ကို ကျနော်တို့က လေးစား လက်ခံပါတယ်။ မြန်မာပြည်တွင်း ပြဿနာတွေကို မြန်မာနိုင်ငံသားတွေကပဲ ဦးဆောင် ဖြေရှင်းရပါလိမ့်မယ်။ ဒါပေမဲ့ မကြာခင်အချိန်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အပြန်အလှန် ဖလှယ်မှုတွေကလည်း အကျိုးရှိမယ်လို့ မျှော်လင့်ပါတယ်။”

ဒါ့အပြင် ထိုင်းနိုင်ငံဟာ အရှေ့တောင်အာရှ အာဆီယံ အသင်းကြီးနဲ့အတူ ဒီမိုကရေစီရေး ထောက်ခံမှုတွေ အမြဲတမ်း လုပ်ဆောင်နေတဲ့ နိုင်ငံတခု ဖြစ်တဲ့အတွက် ဒီမိုကရေစီရေး လှုပ်ရှားမှု မှန်သမျှကို အားပေး ထောက်ခံသွားမှာ ဖြစ်တယ်လို့လည်း မစ္စတာ ပန်နိတန်က အခုလို ပြောခဲ့ပါသေးတယ်။

“ထိုင်းနိုင်ငံဟာ ပွင့်လင်းလွတ်လပ်တဲ့ တိုင်းပြည်ပါ။ ဒီမိုကရေစီရေး ဖွံ့ဖြိုးတိုးတက်စေမယ့် လုပ်ရပ်မှန်သမျှကို ထိုင်းအစိုးရက ထောက်ခံပါတယ်။ ဒီမိုကရေစီရေး လှုပ်ရှားမှုတွေကို ထိုင်းနိုင်ငံက အားပေးထောက်ခံတယ် ဆိုတာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်း ဆောင်ရွက်ခဲ့ဖူးတဲ့ မှတ်တမ်းတွေကို ကြည့်နိုင်သလို တဘက်မှာလည်း မူရင်း တိုင်းပြည်တွေ၊ အထူးသဖြင့် ဒေသတွင်း နိုင်ငံတွေရဲ့ အခွင့်အရေးကိုလည်း လေးစား လိုက်နာရပါတယ်။ ဒီ ၂ ခုကြားမှာ မျှတအောင် ဆောင်ရွက်နိုင်ဖို့လည်း ကျနော်တို့ ကြိုးစားနေပြီး ရှေ့လျှောက် မြန်မာနိုင်ငံမှာ တိုးတက်မှုတွေ တွေ့ရလိမ့်မယ်လို့လည်း မျှော်လင့်ပါတယ်။”

တခါ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က Thai-Asean News Network နဲ့ ပြုလုပ်တဲ့ မေးမြန်းခန်းမှာပဲ ထိုင်းနိုင်ငံမှာ ရောက်ရှိနေကြတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ၊ ဒုက္ခသည်တွေအပေါ် ထိုင်းနိုင်ငံ အနေနဲ့ သနားကြင်နာစိတ် ထားဖို့ ပြောဆိုခဲ့ပါတယ်။ ဒီအပေါ်မှာလည်း မစ္စတာ ပန်နိတန်က …

“ထိုင်းနိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ၊ ဒုက္ခသည်တွေနဲ့ ပတ်သက်လို့လည်း ထိုင်းနိုင်ငံဟာ လူသားချင်း စာနာမှုဆိုင်ရာ ကူညီထောက်ပံ့မှုတွေမှာ ကောင်းမွန်တဲ့ မှတ်တမ်းတွေ ရှိပါတယ်။ ထိုင်းနိုင်ငံမှာ နှစ်စဉ် အလုပ်လုပ်နေကြတဲ့ ရွှေ့ပြောင်း အလုပ်သမား အရေအတွက်ဟာ သန်းနဲ့ချီရှိပြီး မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ အပါအဝင် ဒီလူတွေ အားလုံးကိုလည်း တရားဝင် ရပ်တည် အလုပ်လုပ်ခွင့်ရအောင် ထိုင်းနိုင်ငံက အလုပ်သမား မှတ်ပုံတင်တွေ ထုတ်ပေးနေတာပါ။ မှတ်ပုံတင် လုပ်ဖို့ကိုလည်း သူတို့ကို တိုက်တွန်းနေတာ ဖြစ်ပါတယ်။”

လက်ရှိ ထိုင်း၊ မြန်မာ နယ်စပ်တလျှောက်မှာ မြန်မာစစ်အစိုးရ တပ်တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေအကြား တိုက်ပွဲတွေ ဖြစ်နေတဲ့အပေါ် ထိုင်းအစိုးရက တောက်လျှောက် စောင့်ကြည့်နေပြီး အဲ့ဒီမှာရှိတဲ့ အစိုးရရုံးတွေကနေလည်း နေ့စဉ် အစီရင်ခံစာတွေ ပေးပို့နေတယ်လို့ ပြောပါတယ်။ ဒါ့အပြင် ဒီစစ်ပွဲအတွင်း ထွက်ပြေးလာကြတဲ့ စစ်ပြေး ဒုက္ခသည်တွေကိုလည်း ထိုင်းအစိုးရက ကောင်းကောင်းမွန်မွန် လက်ခံထားပြီး ဒီတိုက်ပွဲ အခြေအနေတွေ တည်ငြိမ် အေးဆေးသွားတဲ့အခါ သူတို့အားလုံးကို နေရပ်ရင်း ပြန်ပို့မှာ ဖြစ်တယ်လို့လည်း မစ္စတာ ပန်နိတန်က ပြောခဲ့ပါတယ်။

လွန်ခဲ့တဲ့ သီတင်းပတ် အနည်းငယ် အတွင်းကလည်း မြန်မာနိုင်ငံမှာ ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာတာမျိုးလို တိုးတက်မှု လက္ခဏာတချို့ကို မြင်တွေ့ခဲ့ပါတယ်။ ဒီလိုပဲ ရှေ့လျှောက် တိုးတက်မှု ရှိမယ်လို့လည်း ထိုင်းအစိုးရ အနေနဲ့ မျှော်လင့်ကြောင်း၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် ငြိမ်းငြိမ်းချမ်းချမ်း ဆွေးနွေးပြောဆို သွားကြတာကသာ ပြဿနာတွေကို ဖြေရှင်းနိုင်မယ့် နည်းလမ်းဖြစ်မယ်လို့ ယူဆကြောင်းလည်း ထိုင်းပြောခွင့်ရပုဂ္ဂိုလ် ပန်နိတန် ဝပ်ထနာယာဂွန်က ဗွီအိုအေကို ပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG