သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းတရားခွင်မှာ ရဲကိုတိုက်ခိုက်ထွက်ပြေးသူ ပြန်လည်ဖမ်းမိ


မူးယစ်ဆေး မှောင်ခိုရောင်းဝယ်မှု သံသယအတွက် တနင်္လာနေ့ တရားရုံးချိန်းမှာ ရဲတွေကို ပစ်ခတ်တိုက်ခိုက်ပြီး ထွက်ပြေးလွတ်မြောက် သွားခဲ့တဲ့ တရားခံ ၂ ဦးဖြစ်သူ အမေရိကန်နိုင်ငံသားတဦးနဲ့ သူ့ရဲ့ထိုင်းဇနီးသည်တို့ကို ဗုဒ္ဓဟူးနေ့က ပြန်လည် ဖမ်းဆီးရမိတယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။

သူတို့ကို ထိုင်းနိုင်ငံ တောင်ပိုင်း Pattaya မြို့မှာ တနင်္လာနေ့က ရုံးထုတ်ချိန်မှာ အကူအညီပေးသူ နောက်တယောက်နဲ့ အတူ ပစ်ကပ်ကားနဲ့ ထွက်ပြေးသွားခဲ့တာပါ။ ဗုဒ္ဓဟူးနေ့ကတော့ ကမ္ဘောဒီးယားနယ်စပ်နားက Sa Kaeo ခရိုင်မှာ သူတို့ကို ခြေရာခံမိခဲ့တာ ဖြစ်ပြီး ရဲတွေဝိုင်းနေချိန်မှာ အမျိုးသားက သူ့ဇနီးဖြစ်သူကို ဓါးစာခံ လုပ်ထားပေမယ့် ရဲတွေအနားကပ် လာချိန်မှာတော့ ပထမ သူ့ဇနီးကို သေနတ်နဲ့ပစ်ခဲ့ပြီး သူ့ကိုယ်သူလည်း ပစ်ခတ်ခဲ့တယ်လို့ ရဲတာဝန်ရှိသူက AFP သတင်းဌာနကို ပြောပါတယ်။ သူ့ဒဏ်ရာက ပြင်းထန်ပေမယ့် ဇနီးဖြစ်သူရဲ့ အခြေနေကတော့ သိပ်မဆိုးဘူးလို့လည်း ပြောပါတယ်။

သူတို့ ၂ ဦးကို သေဒဏ်စီရင်ခွင့်ရှိတဲ့ မူးယစ်ဆေး မှောင်ခိုရောင်းဝယ်မှုနဲ့ ဖမ်းဆီးတာ ဖြစ်ပေမယ့် ထိုင်းနိုင်ငံမှာ သေဒဏ်စီရင်တာကတော့ သိပ်ရှားပါတယ်။ သူတို့ထွက်ပြေးနိုင်အောင် အကူညီပေးခဲ့သူကိုလည်း နောက်တနေရာမှာ ဖမ်းမိတယ်လို့ ရဲက ပြောပါတယ်။

ထိုင်း- မြန်မာ- လာအို ၃ နိုင်ငံကြား ရွှေတြိဂံနယ်မြေကနေ မူးယစ်ဆေးဝါးအများအပြား ထုတ်လုပ်မှုရှိနေပြီး ထိုင်းနိုင်ငံကတော့ မူးယစ်ဆေး ထုတ်လုပ်မှုနဲ့ ရောင်းဝယ်မှုမှာ တဆင့်ခံဒေသအဖြစ် နာမည် ကြီးပါတယ်။

(Unicode)






တိုက်ရိုက် လင့်ခ်
XS
SM
MD
LG