သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းရွေးကောက်ပွဲ အတိုက်အခံ အနိုင်ရ


ရွေးကောက်ပွဲ အနိုင်ရ ဖွေထိုင်းပါတီ ခေါင်းဆောင် ယင်လပ် ရှင်နာဝပ်။ ဇူလိုင် ၃၊ ၂၀၁၁။
ရွေးကောက်ပွဲ အနိုင်ရ ဖွေထိုင်းပါတီ ခေါင်းဆောင် ယင်လပ် ရှင်နာဝပ်။ ဇူလိုင် ၃၊ ၂၀၁၁။

ထိုင်းနိုင်ငံက ဒီကနေ့ ကျင်းပတဲ့ ရွေးကောက်ပွဲမှာ ပြည်ပမှာ ရောက်နေတဲ့ ဝန်ကြီးချုပ်ဟောင်း တပ်ခ်ဆင် ရှင်နာဝပ် (Thaksin Shinawatra) ရဲ့ ညီမဖြစ်သူ ယင်လပ် ရှင်နာဝပ် (Yingluck Shinawatra) က အနိုင်ရလိုက်ပြီး လက်ရှိဝန်ကြီးချုပ် အဘီဆစ် ဝိတ်ချာချီ၀ (Abhisit Vejjajiva) က သူရှုံးနိမ့်တဲ့အကြောင်း အသိအမှတ်ပြု လက်ခံလိုက်ပါပြီ။

ထိုင်းဝန်ကြီးချုပ်က သူ့ရဲ့ပြိုင်ဘက် ယင်လပ် ရှင်နာဝပ် အနိုင်ရတဲ့အတွက် ဂုဏ်ယူတဲ့အကြောင်း ဒီကနေ့ပဲ ပြောဆိုခဲ့ပါတယ်။

ယင်လပ် ရှင်နာဝပ်ဟာ ဖွေထိုင်းပါတီ (Pheu Thai) ရဲ့ ခေါင်းဆောင်ဖြစ်ပြီး ထိုင်းနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး ဝန်ကြီးချုပ် ဖြစ်လာပါတော့မယ်။

ဒီကနေ့ ရွေးကောက်ပွဲတွေမှာ ဖွေထိုင်းပါတီက လက်ရှိအာဏာရ ဒီမိုကရက်ပါတီကို မဲအပြတ်အသတ်နဲ့ အနိုင်ရခဲ့တာပါ။ မဲထည့်ခဲ့ကြတဲ့ သူတွေကို စစ်တမ်းကောက်ယူချက်တွေ အရ လေ့လာသုံးသပ်သူတွေက ဖွေထိုင်းပါတီ အနိုင်ရလိမ့်မယ်လို့ ကြိုတင် ခန့်မှန်းထားကြတာပါ။

ထိုင်းနိုင်ငံရဲ့ လွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ် နေရာ ၅၀၀ ရှိတဲ့အထဲမှာ ဖွေထိုင်းပါတီက နေရာ ၂၆၀ ထက်မနည်း အနိုင်ရတဲ့အကြောင်း မဲပေးမှု ရလဒ်တွေမှာ ပြသနေပါတယ်။

ဝန်ကြီးချုပ်ဟောင်း တပ်ခ်ဆင် ရှင်နာဝပ် ၂၀၀၆ ခုနှစ်တုန်းက ပြည်ပကို ထွက်ခွာသွားပြီး နောက်ပိုင်း သွေးထွက်သံယိုမှု မရှိတဲ့ စစ်တပ် အာဏာသိမ်းမှု ရှိခဲ့ပြီး နိုင်ငံရေးအရ ကွဲပြားမှုတွေ အပြင်းအထန် ဖြစ်ပွားခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်တုန်းက အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့ပြီး ဆန္ဒပြမှုနဲ့အတူ ပဋိပက္ခတွေလည်း ဖြစ်ပွားခဲ့လို့ လူ ၉၀ ကျော် သေဆုံးခဲ့ပါတယ်။

XS
SM
MD
LG