သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့နိုင်ငံရေးပါတီ ကိုယ်စားလှယ်တွေ ထိုင်းရွေးကောက်ပွဲ လေ့လာ


ထိုင်းရွေးကောက်ပွဲတွင် ဦးဆောင်နေသည့် ဖွေထိုင်းပါတီ ခေါင်းဆောင် ယင်လပ် ရှင်နာဝပ်။ ဇူလိုင် ၃၊ ၂၀၁၁။
ထိုင်းရွေးကောက်ပွဲတွင် ဦးဆောင်နေသည့် ဖွေထိုင်းပါတီ ခေါင်းဆောင် ယင်လပ် ရှင်နာဝပ်။ ဇူလိုင် ၃၊ ၂၀၁၁။

ဒီကနေ့ပြီးသွားတဲ့ ထိုင်းရွေးကောက်ပွဲမှာ ရွေးကောက်ပွဲ ကော်မရှင်က ရလဒ်ကို တရားဝင် မကြေညာသေးပေမဲ့ ဆန္ဒမဲပေးပြီးသူတွေကို အခြေခံထားတဲ့ စစ်တမ်း ကောက်ယူမှုတွေအရ ပြည်ပြေး ဝန်ကြီးချုပ်ဟောင်း တပ်ခ်ဆင် ရှင်နာဝပ် (Thaksin Shinawatra) ကို ထောက်ခံတဲ့ ဖွေထိုင်းပါတီ (Pheu Thai Party) က အပြတ်အသတ် အနိုင်ရနေပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်လို့ ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုကျော်ထင်က တင်ပြပေးထားပါတယ်။

Suan Dusit, Sripathum University နဲ့ Assumption University တို့ရဲ့ စစ်တမ်းတွေအရ ဒီကနေ့ ရွေးကောက်ပွဲမှာ ယင်လတ် ရှင်နာဝပ် (Yingluck Shinawatra) ဦးဆောင်တဲ့ ဖွေထိုင်းပါတီက အများစု အနိုင်ရသွားပြီလို့ ဆိုပါတယ်။

စောစောပိုင်းတုန်းက စစ်တမ်းတွေအရလည်း ဝန်ကြီးချုပ် အဘီဆစ် (Abhisit Vejjajiva) ရဲ့ ဒီမိုကရက်ပါတီနဲ့ ယှဉ်ရင် ဖွေထိုင်းပါတီကပဲ ဦးဆောင်နေတာ ဖြစ်ပါတယ်။

ဒီကနေ့ ရွေးကောက်ပွဲကို နိုင်ငံတကာ စောင့်ကြည့်လေ့လာတဲ့ အဖွဲ့တွေလည်း အများအပြား လာရောက် လေ့လာကြပါတယ်။

၂၀၁၀ ရွေးကောက်ပွဲဝင် ရခိုင်၊ မွန်၊ ချင်း၊ NDF ပါတီ အပါအဝင် မြန်မာအီးဂရက်တို့ကလည်း လာရောက် လေ့လာကြတာပါ။

မွန်ကိုယ်စားလှယ် တယောက်ရဲ့ ထိုင်းရွေးကောက်ပွဲအပေါ် အမြင်က အခုလိုပါ။

“ကွာတာက ကော်မရှင်က ကွာတာပေါ့။ ကော်မရှင်က အစိုးရကခန့်တဲ့ ကော်မရှင် မဟုတ်ဘူး။ အာဏာရ အစိုးရက ခန့်ထားတဲ့ ကော်မရှင် မဟုတ်ဘူး။ သူ့ကော်မရှင်က လွှတ်တော်က ဦးဆောင်တဲ့ ကော်မရှင်၊ တနိုင်ငံလုံးမှာ သူတို့ရဲ့ ကော်မရှင်ဝန်ထမ်း အင်အား သိန်းနဲ့ချီရှိတယ်။ နောက်တခုက ဗော်လံတီယာ (Volunteer) တွေ အရမ်းများတယ်။ ပါတီဘက်က ဗော်လံတီယာတွေရော၊ နောက် မီဒီယာအခန်းကဏ္ဍပါ အရမ်းလွတ်လပ်တဲ့ အခါကျတော့ မဲလိမ်မှု၊ မသမာမှု အရမ်းလုပ်လို့ မရတဲ့ ပုံစံ တွေ့နေရတယ်။”

ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်းက မဲရုံတွေကို Asia Network for Election အဖွဲ့နဲ့အတူ လေ့လာဖို့ ရောက်နေတဲ့ ကိုခင်မောင်ရွှေက လောလောဆယ် ရေတွက်ပြီးသလောက် ဖွေထိုင်းပါတီက အနိုင်ရနေတယ်လို့ ဆိုပါတယ်။

“အခုလောလောဆယ် ကျနော်တို့ရှိနေတဲ့ နေရာမှာကျတော့ နံပါတ်ဝမ်းက နိုင်တယ်၊ ဖွေထိုင်းပေါ့။ နောက်တခါ ဒုတိယလိုက်တာက ဒီမိုကရက်နဲ့ ဘူဂျင်ထိုင်းပေါ့၊ ဒီ ၃ ပါတီပဲ အဓိကပဲလေ။”

ရွေးကောက်ပွဲ လုံခြုံရေးအတွက် တနိုင်ငံလုံးမှာ ရဲတပ်ဖွဲ့ဝင် ၂၀၀,၀၀၀ နီးပါးကို လုံခြုံရေး ချထားတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းတွေကစပြီး မဲဝယ်တာတွေ ရှိခဲ့ပါတယ်။ ဒီကနေ့လည်း မဲဝယ်တဲ့အမှု ၂၃ မှု ရှိတယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။

မဲဆန္ဒရှင်တွေရဲ့ အခြေအနေကို ကိုခင်မောင်ရွှေက အခုလို ပြောပါတယ်။

“ကျနော်တွေ့တာ မြန်မာပြည်နဲ့မှ မတူဘဲ၊ အေးဆေးပဲ ဒီမှာ။ ကျနော်တို့ ဒီဘက်ခြမ်းမှာ လာကြည့်တော့ တောင်သူလယ်သမားတွေ များတယ်လေ။ သူတို့ အလုပ်မသွားခင် မနက်စောစော လာပေးတယ်၊ ပြီးရင် အလုပ်သွားတယ်။ ဒီမှာရှိတဲ့ ပြည်သူလူထုက ပြောမယ်ဆိုရင် နိုင်ငံရေးကို တစုံတရာ သိပြီးသား၊ ဘယ်လိုမဲပေးရမယ်ဆိုတာ သိပြီးသားပဲ။”

ဘန်ကောက်ပို့စ် (Bangkok Post) အွန်လိုင်းရဲ့ စစ်တမ်းအရတော့ ရွေးကောက်ပွဲ ပြီးသွားတယ် ဆိုပေမဲ့ ထိုင်းနိုင်ငံရဲ့ နိုင်ငံရေး မတည်ငြိမ်မှုက ဆက်ရှိနေမယ်လို့ အများစုက သဘောထား ပေးကြပါတယ်။ လေ့လာသူ တချို့ကလည်း တကယ်လို့ ယင်လတ် ရှင်နာဝပ်ရဲ့ ဖွေထိုင်းပါတီ အစိုးရက ပြည်ပရောက် တပ်ခ်ဆင် ရှင်နာဝပ်ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးမယ်ဆိုရင် နိုင်ငံရေး မတည်ငြိမ်မှုတွေ ဖြစ်လာနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။

XS
SM
MD
LG