သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းရေကြီးမှု ဘန်ကောက်မြို့တော်ကို ထိခိုက်နိုင်


ရေဘေးလွတ်ရာ ရွှေ့ပြောင်းနေကြတဲ့ အယုဒ္ဓယမြို့က ထိုင်းမိသားတစ်စု (အောက်တိုဘာလ ၆၊ ၂၀၁၁)
ရေဘေးလွတ်ရာ ရွှေ့ပြောင်းနေကြတဲ့ အယုဒ္ဓယမြို့က ထိုင်းမိသားတစ်စု (အောက်တိုဘာလ ၆၊ ၂၀၁၁)

ထိုင်းနိုင်ငံထဲမှာ ပြင်းထန်တဲ့ရေကြီးမှုကို ခံစားနေရပြီး ဘန်ကောက်မြို့ကို ထိခိုက်မှုတွေ ရှိလိမ့်မယ်လို့ ထိုင်းဝန်ကြီးချုပ် ယင်းလပ်ရှီနဝဒ် က ဆိုပါတယ်။ ဝန်ကြီးချုပ် ယင်းလပ်က ၂ လကျော်ကြာ မိုးသည်းထန်မှုကြောင့် ဖြစ်ရတဲ့ ဒီရေကြီးမှုအတွင်းမှာ နိုင်ငံတဝှမ်း သေဆုံးရသူ စုစုပေါင်း ၂၅၂ ဦး ရှိသွားပြီလို့ မနေ့က ရုပ်မြင်သံကြား မိန့်ခွန်းတစ်ခုမှာ ပြောခဲ့ပါတယ်။

ဒီရေကြီးမှုကြောင့် ဘန်ကောက်မြို့ကိုလည်း တိုက်ရိုက် ထိခိုက်လိမ့်မယ်လို့ သတိပေးလိုက်ပါတယ်။ ဘန်ကောက်မြို့ မြောက်ဘက် ဆင်ခြေဖုံးက မြစ်တွေ၊ တူးမြောင်းတွေထဲကို လက်ရှိကျလာနေတဲ့ ရွှံ့ရေတွေ အများအပြား စီးဝင်လာနိုင်တာကြောင့် အာဏာပိုင်တွေအနေနဲ့ ရေစီးဝင်တာကို ကာနိုင်တဲ့ တံတိုင်းတွေ စိုက်ထူနေကြပါပြီ။

အခုလို တံတိုင်းစိုက်ထူတာတွေကို ရှေးဟောင်း အမွေအနှစ်ပြတိုက်တွေနဲ့ အဓိက စက်မှုနယ်မြေတွေမှာ အာရုံစိုက်ပြီး အဓိက လုပ်နေတာဖြစ်ပါတယ်။ ရေဘေးဒုက္ခသည်တွေကို ကူညီဖို့ စစ်တပ်တွေ အများအပြားလည်း ချထားပေးပြီး ရွှေ့ပြောင်းရတဲ့ ဒုက္ခသည်တွေ အတွက်တော့ စစ်တပ်စခန်းတွေမှာ ယာယီနေထိုင်ဖို့ ဖွင့်ပေးထားပါတယ်။

ရေမျက်နှာပြင် တက်လာမှုကြောင့် ရှေးဟောင်း အယုဒ္ဓယမြို့တော်ကြီးထဲက ရာစုနဲ့ချီ ထိန်းသိမ်းထားခဲ့တဲ့ Chai Chaiwattanaram ဘုရားကျောင်း လုံး၀ ပျက်စီးသွားဖို့ အန္တရာယ်ဖြစ်နေလို့ အရေးပေါ် အကူအညီတောင်းဖို့ ရှိတယ်လို့ ဘန်ကောက်အခြေစိုက် ကုလသမဂ္ဂ UNESCO အရာရှိတွေက ဆိုပါတယ်။

XS
SM
MD
LG