ရေကြီးတဲ့ဒဏ်ကိုခံနေရတဲ့ ထိုင်းနိုင်ငံကို အကူအညီပေးဖို့ အမေရိကန် မရိန်းတပ်ဖွဲ့ဝင်တွေ မနေ့ကပဲ ကူညီကယ်ဆယ်ရေး ကိရိယာတွေနဲ့ ဘန်ကောက်မြို့တော်ကို ရောက်လာခဲ့ကြပါတယ်။ သဲအိပ်တွေနဲ့ တခြား အကူအညီပေးရေး ပစ္စည်းတွေလည်း သယ်လာခဲ့ကြတာပါ။
ထိုင်းနိုင်ငံမှာ ၇၆ ခရိုင်ရှိတဲ့အထဲက ၆၁ ခရိုင်မှာ ရေကြီးတဲ့ဒဏ်ကို ခံနေကြရပြီး အဲဒီမှာ အကူအညီပေးနေတဲ့ ထိုင်းစစ်တပ်နဲ့အတူ အမေရိကန် မရိန်းတပ်ဖွဲ့ဝင်တွေက ပူးပေါင်း လုပ်ကိုင်ကြလိမ့်မယ်လို့ ထိုင်းနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ခရစ္စတီး ကင်နီက ပြောပါတယ်။
ရေကြီးတဲ့ဒဏ်ကြောင့် သေဆုံးသူပေါင်း ၃၀၀ လောက်ရှိနေပြီလို့ ထိုင်းအရာရှိတွေက ပြောပါတယ်။ သေဆုံးသူ အများစုဟာ ဘန်ကောက်မြို့တော် မြောက်ပိုင်းနဲ့ ရှေးဟောင်းမြို့တော် အယုဒ္ဓယက လူတွေပါ။ မနေ့ကအထိ အယုဒ္ဓယမြို့ နေရာတော်တော်များများက ရေမြှုပ်နေတုန်းပါ။ မြို့နေလူတချို့နဲ့ သူတို့ရဲ့ အိမ်မွေးတိရစ္ဆာန်တွေက အိမ်ခေါင်မိုးတွေပေါ် တက်နေကြပါတယ်။ ရေသိပ်မကြီးတဲ့နေရာမှာကို လူရဲ့ခါးလောက်အထိ ရေရှိနေတာပါ။
ကူညီကယ်ဆယ်ရေးသမားတွေက လှေတွေ၊ မော်တော်တွေနဲ့ ကယ်ဆယ်ရေးပစ္စည်းတွေကို လိုက်ပြီး ဝေငှပေးနေပါတယ်။ အယုဒ္ဓယမြို့က လူအတော်များများဟာ လျှပ်စစ်မီးလည်းမရ၊ အစားအစာနဲ့ ရေတွေလည်း မရနိုင်ကြဘဲဖြစ်နေတယ်လို့ ဒါ့ခ်ျ လူမျိုး ကူညီရေးသမားတစ်ဦးက ပြောပါတယ်။
ဘန်းပလို့ခေါ်တဲ့ အယုဒ္ဓယခရိုင်က စက်မှုဇုံမှာ အလုပ်သမားတွေက ရေကြီးတာကို ကြိုးစားပြီးကာကွယ်ခဲ့ကြပေမဲ့ နောက်ဆုံးမှာတော့ မတတ်နိုင်တော့လို့ မနေ့ကပဲ စက်ရုံတွေကို ပစ်ထားခဲ့ရပြီဖြစ်ပါတယ်။