ရေကြီးနေတဲ့ မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံမှာ ရေတွေပြန်မကျခင် နောက်ထပ် အနည်းဆုံး ၁ လလောက်တော့ ရေဘေးဒဏ်ကို ရင်ဆိုင်ကြရလိမ့်မယ်လို့ ထိုင်းဝန်ကြီးချုပ် ယင်းလပ် ရှင်နဝပ် (Yingluck Shinawatra) က ပြောပါတယ်။ ဘန်ကောက်မြို့တော်ထဲမှာ ရေဟာ ၃ ပေကျော်လောက် ကြီးနိုင်တယ်လို့ နိုင်ငံတော်ကို အပတ်စဉ် ရုပ်မြင်သံကြားပေါ်က ပြောကြားတဲ့ မိန့်ခွန်းထဲမှာ ဝန်ကြီးချုပ်က ပြောပါတယ်။
ဘန်ကောက်မြို့တော်ထဲက လူတွေရဲ့ပိုင်ဆိုင်မှုတွေကို အမြင့်ပိုင်းဒေသတွေကို ပြောင်းရွှေ့ထားဖို့အတွက်ကိုလည်း သောကြာနေ့ကတည်းက ဝန်ကြီးချုပ်က တိုက်တွန်းထားပါတယ်။ နှစ်ပေါင်း ၅၀ အတွင်း အဆိုးဆုံး ရေကြီးမှုကြောင့် သေဆုံးသူ ၃၅၆ ယောက်ရှိနေပြီး ၁ သိန်း ၁ သောင်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်နေပါတယ်။
ဘန်ကောက်မြို့တော် မြောက်ပိုင်း လက်ဆီရပ်ကွက်က တူးမြောင်းတွေရေလျှံမှုကြောင့် တချို့နေရာတွေမှာ ရေဟာ ဒူးကျော်ပါတယ်။ မြို့တော်ထဲက ဒေသခံ တော်တော်များများဟာလည်း သောက်ရေသန့်နဲ့ အစားအစာတွေကို စုဆောင်းနေကြပြီး မြောက်ပိုင်းရပ်ကွက်တွေမှာနေကြတဲ့ လူတော်တော်များများကတော့ ဘေးကင်းရာကို ပြောင်းရွှေ့နေကြပါတယ်။