သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံမဲ့ တောဝက်ဘောလုံးသမား ၄ ဦးနဲ့ နည်းပြ ထိုင်းနိုင်ငံသား ခံယူခွင့်ရ


၀ဲမှာ ယာ အပေါ်- တောဝက် ဘောလုံးအသင်းရဲ့ လက်ထောက်နည်းပြ ရှမ်းနွယ်ဖွား Ekkapol Chantawong၊ အသင်းသား ၀ နွယ်ဖွား Adul Sam-on၊
ဝဲမှ ယာ အောက်- ရှမ်း နွယ်ဖွားတွေဖြစ်တဲ့ Pornchai Kamluangနဲ့ အသက် အငယ်ဆုံး (၁၁)နှစ်အရွယ် Mongkol Boonpiam တို့ကို မယ်ဆိုင်မြို့နယ် အုပ်ချုပ်ရေးမှူး Somsak Kanakam က ထိုင်းနိုင်ငံသားကဒ်ပြား ပေးအပ်နေစဉ် (သြဂုတ်လ ၈၊ ၂၀၁၈)
၀ဲမှာ ယာ အပေါ်- တောဝက် ဘောလုံးအသင်းရဲ့ လက်ထောက်နည်းပြ ရှမ်းနွယ်ဖွား Ekkapol Chantawong၊ အသင်းသား ၀ နွယ်ဖွား Adul Sam-on၊ ဝဲမှ ယာ အောက်- ရှမ်း နွယ်ဖွားတွေဖြစ်တဲ့ Pornchai Kamluangနဲ့ အသက် အငယ်ဆုံး (၁၁)နှစ်အရွယ် Mongkol Boonpiam တို့ကို မယ်ဆိုင်မြို့နယ် အုပ်ချုပ်ရေးမှူး Somsak Kanakam က ထိုင်းနိုင်ငံသားကဒ်ပြား ပေးအပ်နေစဉ် (သြဂုတ်လ ၈၊ ၂၀၁၈)

ထိုင်းမှာ နိုင်ငံမဲ့ ဖြစ်နေတဲ့ မြန်မာ တိုင်းရင်းနွယ်ဖွား တောဝက်ဘောလုံးအသင်းသား လူငယ် သုံးဦးနဲ့ လက်ထောက်နည်းပြဆရာ တို့ကို ထိုင်းအစိုးရကမနေ့ ဗုဒ္ဓဟူးနေ့က နိုင်ငံသားဖြစ်ခွင့်ပေး လိုက်ပါတယ်။

မြန်မာနဲ့ နယ်စပ်ချင်း ထိစပ်နေတဲ့ ထိုင်းနိုင်ငံ မြောက်ပိုင်းမယ်ဆိုင်မြို့က ရေပြည့်နေတဲ့ လှိုင်ဂူထဲ သူတို့လေးဦးနဲ့အတူ အခြား ဘောလုံးအသင်းသား ၉ ဦးတို့ သုံးပတ်ကြာ ပိတ်မိနေခဲ့တဲ့ သတင်းကို နိုင်ငံတကာက စိတ်ဝင်တစား ဖေါ်ပြခဲ့ပြီးနောက် သူတို့တွေ နိုင်ငံမဲ့ဖြစ်နေတဲ့ သတင်းကိုလည်း အလေးပေးဖေါ်ပြခဲ့ကြတာပါ။

မအင်ကြင်းနိုင်က အပြည့်အစုံ ဆက်ပြီးတင်ပြမှာပါ။

တောဝက် ဘောလုံးအသင်းရဲ့ လက်ထောက်နည်းပြ ရှမ်းနွယ်ဖွား Ekkapol Chantawong နဲ့ အသင်းသားတွေဖြစ်တဲ့ ၀ နွယ်ဖွား Adul Sam-on နောက် ရှမ်း နွယ်ဖွားတွေဖြစ်တဲ့ Pornchai Kamluangနဲ့ အသက် အငယ်ဆုံး (၁၁)နှစ်အရွယ် Mongkol Boonpiam တို့ လေးဦးကို မယ်ဆိုင်မြို့နယ် အုပ်ချုပ်ရေးမှူး Somsak Kanakam ကိုယ်တိုင် ထိုင်းနိုင်ငံသားကဒ်ပြားတွေကို သြဂုတ်လ (၈)ရက်နေ့က အခမ်းအနားနဲ့ ပေးအပ်ခဲ့တာပါ။ ဒါအပြင် ထမ်လွန်းလှိုင်ဂူထဲ ပိတ်မိတဲ့ အထဲမှာ မပါပေမဲ့ နိုင်ငံမဲ့ဖြစ်နေတဲ့ နောက်ထပ် ရှမ်းနွယ်ဖွား တောဝက်ဘောလုံး အသင်းသား တဦးကိုလည်း သူတို့ လေးဦးနဲ့အတူ ထိုင်းနိုင်ငံသားဖြစ်ခွင့်ပေးလိုက် ပါတယ်။

သူတို့အားလုံး ထိုင်းနိုင်ငံသားဖြစ်ဖို့ လိုအပ်တဲ့ အချက်အလက်အားလုံးနဲ့ ကိုက်ညီမှုရှိကြောင်းလည်း မယ်ဆိုင်အုပ်ချုပ်ရေးမှူးက အခုလိုပြောပါတယ်။

“သူတို့အားလုံး လိုအပ်တဲ့ အချက်အလက်အတွေနဲ့ ပြည့်စုံမှုရှိကြပါတယ်။ ထိုင်းမှာမွေးတဲ့ ကလေးတိုင်း ထိုင်းနိုင်ငံသားဖြစ်ဖို့အတွက် ထိုင်း မွေးစာရင်း မဖြစ်မနေ ရှိရမှာဖြစ်ပါတယ်။”

လှိုဏ်ဂူထဲပိတ်မိခဲ့တဲ့ လူငယ်ဘောလုံးအသင်းရဲ့ တုန်လှုပ်ခြောက်ခြားဖွယ်ရာ အခြေအနေဟာ ထိုင်းမှာ နိုင်ငံမဲ့ဖြစ်နေသူတွေအရေးကို မီးမှောင်းထိုးပြလိုက်တယ်လို့ ဆိုရမှာပါ။အခုလို သူတို့တွေကို ထိုင်းနိုင်ငံသားဖြစ်ခွင့် ပြုလိုက်တာနဲ့ ပတ်သက်လို့ ရရှိထားတဲ့ အချက်အလက်တွေကို ထိုင်းနိုင်ငံအခြေစိုက် ရှမ်းသံတော်ဆင့် သတင်းဌာန အယ်ဒီတာ စိုင်းမိန်းက ဗွီအိုအေကို အခုလိုပြောပြပါတယ်။

"အမှန်တော့ ထိုင်းကပေးတာ နှေးပါတယ်။ အရမ်းလည်း ကြာပါတယ်။ ပေးလေ့ ပေးထ လည်း မရှိပါဘူး။ ဒါပေမယ့် တဖက်မှာလည်း ဒီကလေးတွေက သူတို့ပြောတဲ့ဟာကတော့ လိမ္မာရေးခြားရှိတယ်။ ထိုင်းနိုင်ငံမှာ မွေးဖွားကြောင်း သက်သေတွေရှိတယ်။ ထိုင်းက ထုတ်ထားတဲ့ နိုင်ငံသားဖြစ်ရေး ဥပဒေအမှတ် (၂၃)နဲ့ ကိုက်ညီတယ်ဆိုပြီးတော့ ကိုက်ညီချက် အများအပြားနဲ့ ပေးတယ်လို့ ပြောတယ်။"

ထိုင်းမှာ နိုင်ငံသားဖြစ်ဖို့ အလွန်ခက်ခဲပေမယ့် အခုလို နိုင်ငံတကာ သတင်းမီဒီယာတွေရဲ့ အထူးအာရုံစိုက် အလေးပေးဖေါ်ပြမှုကြောင့် ထိုင်းအစိုးရက တောဝက်ဘောလုံးအသင်းသားတချို့ကို အရေးတယူအလျင်အမြန် နိုင်ငံသားဖြစ်ခွင့် ပေးလိုက်တယ်လို့ မြင်ကြောင်း စိုင်းမိန်းက ဆိုပါတယ်။

ရှမ်းပြည်နဲ့ နယ်စပ်ချင်း ထိစပ်နေတဲ့ မယ်ဆိုင်မြို့က ကျောင်းတွေမှာ မြန်မာနိုင်ငံက တိုင်းရင်းသားနွယ်ဖွား ကလေး အများအပြား တက်ရောက်သင်ကြားနေတယ်လို့ စိုင်းမိန်းကပြောပါတယ်။ ထိုင်းနိုင်ငံမှာ ကလေးတိုင်း ပညာတတ်မြောက်ရမယ်ဆိုတဲ့ မူဝါဒနဲ့အညီ နိုင်ငံမဲ့ဖြစ်နေပေမယ့် မြန်မာတိုင်းရင်းနွယ်ဖွား ကလေးတွေဟာ စာသင်ကြားခွင့် ရကြတယ်လို့ သူက ဆိုပါတယ်။

တောဝက် ဘောလုံးအသင်းနည်းပြခေါင်းဆောင် Nopparat Kanthawong အဆိုအရ ဘောလုံးအသင်းသား စုစုပေါင်း အယောက် ၈၀နီးပါးထဲမှာ အသင်းသား ကျောင်းသားလူငယ် ၂၀ နီးပါးဟာ နိုင်ငံမဲ့တွေဖြစ်နေပါတယ်။ သူတို့အားလုံးမှာထူးချွန်တဲ့ ဘောလုံးအားကစားသမားကောင်းတွေဖြစ်ဖို့ ဆန္ဒရှိနေကြပေမယ့် နိုင်ငံမဲ့တွေဖြစ်နေတဲ့အတွက် မဲဆိုင်မြို့နယ် တဝိုက်ကလွဲပြီး ထိုင်းနိုင်ငံ အခြားဒေသတွေကို ခရီးသွားခွင့်မရတာကြောင့် အခွင့်အရေးတွေ ဆုံးရှုံးနစ်နာမှုတွေ ရှိနေတယ်လို့ နည်းပြခေါင်းဆောင်က ဆိုပါတယ်။

ရှမ်းတိုင်းရင်းသားနွယ်ဖွား လက်ထောက်နည်းပြဆရာ အသက် (၂၅ )နှစ်အရွယ် Ekkapol Chantawong ဆိုရင် (၁၀)ရက်ကြာ လှိုင်ဂူထဲပိတ်မိနေချိန် အသင်းသား ၁၂ ယောက်လုံးကို အတတ်နိုင်ဆုံး ဘေးကင်းအောင် လမ်းပြနိုင်ခဲ့တဲ့အတွက် လူအများက ချီးကျူး ခဲ့ကြပါတယ်။ တောဝက်ဘောလုံးအသင်းကိုလည်း သူ့ရဲ့ အသက်ထက်တောင် ပိုပြီး ချစ်မြတ်နိုး တန်ဖိုးထားတဲ့အကြောင်း ဒေသခံတွေကလည်း ပြောကြပါတယ်။

ဇွန်လ ၂၃ ရက်နေ့က လှိုင်ဂူထဲ ဝင်သွားတာကနေ မိုးကြီးပြီး ရေတွေပြည့်လာတဲ့အတွက် ပြန်မထွက်နိုင်ပဲ ပိတ်မိနေတဲ့ သူတို့ကို အရင်ဆုံးရှာဖွေတွေ့ရှိခဲ့တဲ့ ဗြိတိသျှရေငုပ်သမား နှစ်ဦးနဲ့ အင်္ဂလိပ်လို ဘာသာပြန်ဆိုပေးခဲ့တဲ့ အသက် (၁၄)နှစ်အရွယ် ဝတိုင်းရင်းနွယ်ဖွား Adul Sam-on ဆိုရင်လည်း အားကစားမှာ ထူးချွန်တဲ့အပြင်၊ ထိုင်း၊ မြန်မာ၊ တရုတ်နဲ့ ၀ ဘာသာစကားလေးမျိုး ပြောဆိုနိုင်သူလည်းဖြစ်ပါတယ်။

ထိုင်းအစိုးရ စာရင်းဇယားအရ သူတို့ိနိုင်ငံမှာ နိုင်ငံမဲ့အဖြစ် စာရင်းသွင်းထားသူပေါင်း ၅ သိန်းနီးပါးရှိတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် နိုင်ငံမဲ့ဖြစ်နေသူတွေအရေး သီးသန့် လေ့လာ စောင့်ကြည့်နေတဲ့ နိုင်ငံတကာအဖွဲ့ကြီးရဲ့ အဆိုအရ ထိုင်းနိုင်ငံမှာ နိုင်ငံမဲ့ဖြစ်နေတဲ့ လူဦးရေဟာ လက်တွေ့မှာ ၃.၅သန်း အထက်မှာ ရှိနိုင်တယ်လို့ ဆိုပါတယ်။ ထိုင်းမှာ နိုင်ငံမဲ့ဖြစ်နေသူတွေဟာ မဲပေးပိုင်ခွင့်၊ အိမ်ယာမြေ ဝယ်ယူခွင့်၊ တရားဝင် အလုပ်လုပ်ပိုင်ခွင့်၊ ရာထူးတာဝန် ထမ်းဆောင်ခွင့် ဒါမှမဟုတ် လွတ်လပ်စွာခရီးသွားလာခွင့်မရှိပေမယ့် ပညာရေးနဲ့ ကျန်းမာရေး စတဲ့ အခြေခံ အခွင့်အရေးခံစားပိုင်ခွင့်ရှိတယ်လို့ ထိုင်းလူ့အခွင့်အရေးအဖွဲ့တွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG