ထိုင်းနိုင်ငံရဲတပ်ဖွဲ့ရဲ့ လူကုန်ကူးမှု စုံစမ်းစစ်ဆေးရေး အရာရှိချုပ်ဟောင်းဟာ ထိုင်းနိုင်ငံမှာ သူ့ရဲ့ အသက်အန္တရယ် စိုးရိမ်ရတဲ့အတွက် သြစတေးလျှနိုင်ငံ မှာ နိုင်ငံရေး ခိုလှုံခွင့် လျှောက်ထားလိုက်ကြောင်း ကြာသာပတေးနေ့ မှာ ပြောဆိုပါတယ်။
ထိုင်းရဲ ဗိုလ်ချုပ်ဟောင်း Paween Pongsirin ဟာ လွန်ခဲ့တဲ့ ရက်အနည်းငယ်အတွင်း သြစတေးလျှနိုင်ငံမှာ နိုင်ငံရေးဒုက္ခသည် အဖြစ် လျှောက်ထားဖို့အတွက် တိုးရစ် ခရီးသွားဗီဇာနဲ့ Melbourne မြို့ကို ရောက်ရှိလာခဲ့တယ်လို့ သြစတေးလျှ အသံလွှင့်ဌာနက ကြေညာပါတယ်။
သြစတေးလျှနိုင်ငံဟာ လုံခြုံစိတ်ချရတဲ့ နေရာဖြစ်တဲ့အတွက် လာခဲ့ခြင်းဖြစ်ကြောင်း၊ သူ့အတွက် လုံခြုံစိတ်ချရတဲ့ နေရာတနေရာရှိလိမ့် မယ်လို့ ယုံကြည်ကြောင်း ABC အသံလွှင့်ဌာနနဲ့ တွေ့ဆုံမေးမြန်းခန်းပြုလုပ်ရာမှာ ပြောဆိုပါတယ်။
Mr. Paween က သူ့ကို ထိုင်းနိုင်ငံတောင်ပိုင်းကို ပြောင်းရွှေ့လိုက်တဲ့အတွက် ရဲတပ်ဖွဲ့ကနေ နိုဝင်ဘာလ အတွင်းမှာ နှုတ်ထွက် ခဲ့ကြောင်းပြောပါတယ်။ ထိုင်းနိုင်ငံတောင်ပိုင်း ဟာ သူ့အတွက် အကာအကွယ်မဲ့ဖြစ်စေပြီး လူကုန်ကူးတဲ့ ဂိုဏ်းကြီးတွေက သူ့အပေါ် လက်စားချေတိုက်ခိုက်တာမျိုး ခံရနိုင်ပါတယ်။
Paween အနေနဲ့ သူ့အပေါ် အကာအကွယ်ပေးဖို့ တောင်းခံနိုင်ခွင့် ရှိပါလျှက်နဲ့ မတောင်းခံပဲ နှုတ်ထွက်တဲ့ နည်းလမ်းကို ရွေးချယ်သွားတယ်လို့ ထိုင်း အမျိုးသားရဲတပ်ဖွဲ့ ရဲချုပ် Jakthip Chaijinda ကပြောပါတယ်။
Paween ကတော့ နေရာအနှံ့မှာ အစိုးရတာဝန်ရှိသူတွေအပါဝင် ဖမ်းဝရမ်း ၁၅၃ ခု ထုတ်ပြန်ထားကြောင်း။ အန္တရယ်ရှိနိုင်တယ် ဒုက္ခရောက်နိုင်တယ်ဆိုတာ မစဉ်းစားပဲ တာဝန်အတိုင်း လုပ်ခဲ့တာဖြစ်ကြောင်း။ ဒါပေမဲ့ အခုအခါမှာတော့ ဘယ်လောက် အန္တရယ်ကြီးနေပြီဆိုတာကို သိလာရတယ်လို့ ပြောပါတယ်။