သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူမှောင်ခိုကူးမှု မကျူးလွန်ကြောင်း ထိုင်းဗိုလ်ချုပ်ငြင်းဆို


ထိုင်းဒုတိယဗိုလ်ချုပ်ကြီး ရဲစခန်းမှာလာရောက် အဖမ်းခံစဉ်၊ ဇွန်လ ၃၊ ၂၀၁၅
ထိုင်းဒုတိယဗိုလ်ချုပ်ကြီး ရဲစခန်းမှာလာရောက် အဖမ်းခံစဉ်၊ ဇွန်လ ၃၊ ၂၀၁၅

ထိုင်း၊ မြန်မာနဲ့ မလေးရှား နိုင်ငံတွေအတွင်း လူကုန်ကူးမှု အရှုတ်အထွေးမှာ ပါဝင်ပတ်သက်နေတယ် ဆိုပြီးတော့ စွပ်စွဲခံထားရတဲ့ ထိပ်တန်းစစ်ဘက်ဆိုင်ရာ အရာရှိကြီးဟာ ဒီအမှုကိစ္စကို ရင်ဆိုင်ဖို့ သူ့ရဲ့သဘောဆန္ဒအလျှောက် ဗုဒ္ဓဟူးနေ့မှာ သွားရောက် အဖမ်းခံခဲ့ပါတယ်။

ဒီဖြစ်ရပ်ဟာ ပြီးခဲ့တဲ့လပိုင်းကစပြီး ဒီလူကုန်ကူးတဲ့ ကိစ္စနဲ့ ပတ်သက်လို့ ကျယ်ကျယ်ပြန့်ပြန့် စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့တဲ့ နောက်ပိုင်း ပထမဆုံး ထိုင်းစစ်ဘက်ဆိုင်ရာ အရာရှိကြီးတဦး ဖမ်းဆီးခံလိုက်ရတာ ဖြစ်ပါတယ်။

ထိုင်းနဲ့ မလေးရှားနိုင်ငံ နယ်စပ်က လူကုန်ကူးခံရသူတွေ ထားခဲ့တဲ့ စခန်းတွေမှာ မြန်မာနိုင်ငံက ရွှေ့ပြောင်းနေထိုင်ဖို့ ကြိုးစားကြတဲ့ ရိုဟင်ဂျာတွေလို့ ယုံကြည်ရတဲ့ သူတွေရဲ့ ရုပ်အလောင်း ၃၆ လောင်းကို ဖော်ထုတ်တွေ့ရှိခဲ့ပြီးတဲ့နောက် ဒေသခံနိုင်ငံရေးသမားတွေ အစိုးရတာဝန်ရှိသူတွေ အပါအဝင် လူပေါင်း ၅၀ ကျော်ကို ဖမ်းဆီးထားပါတယ်။

ရဲတပ်ဖွဲ့ဟာ လူကုန်ကူးမှု ကွန်ယက်မှာ ပါဝင်ပတ်သက်သူတွေလို့ သံသယရှိထားသူ ၃၀ ကျော်ကိုလည်း လိုက်လံရှာဖွေနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံ တောင်ပိုင်းဒေသဟာ ကာလအတန်ကြာကတည်းက ဒေသတွင်းမှာ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေကနေ ပိုမိုကောင်းမွန်တဲ့ အရပ်ဒေသတွေဆီ ပြောင်းရွှေ့နေထိုင်လိုသူတွေကို လူကုန်ကူး သယ်ဆောင် ပို့ပေးသူတွေ အခြေစိုက်ရာဒေသ ဖြစ်ခဲ့ပါတယ်။ ဒီလိုလူကုန်ကူးတဲ့ ဖြစ်ရပ်တွေမှာ ထိုင်းအစိုးရ တာဝန်ရှိသူတွေ ပါဝင်ပတ်သက်နေတယ် ဆိုပြီးတော့ လူ့အခွင့်အရေး အဖွဲ့တွေက စွပ်စွဲပြောဆိုခဲ့ကြပါတယ်။

ဒုတိယဗိုလ်ချုပ်ကြီး Manas Kongpaen ဟာ ထိုင်းနိုင်ငံ ဘုရင့်တပ်မတော်မှာ အကြီးတန်း အကြံပေးအရာရှိတဦး ဖြစ်သလို၊ ကမ်းရိုးတန်း ဒေသတဝိုက်မှာ လူကုန်ကူးမှု အရေးကိစ္စနဲ့ ပတ်သက်ပြီး ကြီးကြပ်ရသူဖြစ်ပြီး သူဟာ လူကုန်ကူးမှုကိစ္စတွေ တော်တော်များများအပြင်၊ တိုင်းတပါးသားတွေကို တရားမဝင်နိုင်ငံအတွင်းပေးဝင်မှု၊ လူတွေကို တရားဥပဒေနဲ့မညီတဲ့ ဖမ်းဆီးထိန်းသိမ်းမှု၊ ရွှေ့ပြောင်းနေထိုင်ဖို့ ကြိုးစားသူတွေထံကနေ ငွေညှစ်မှု စတဲ့ပြစ်မှုတွေကို ရင်ဆိုင်နေရပါတယ်။

ဒုတိယဗိုလ်ချုပ်ကြီး Manas Kongpaen ကို ဖမ်းဆီးဖို့ အခုသီတင်းပတ် စောစောပိုင်းကတည်းက ဝရမ်းထုတ်ခဲ့ပြီးနောက် သူဟာ အမှုကိုရင်ဆိုင်ဖို့အတွက် ရဲဌာနချုပ်ကို လာရောက်ခဲ့ပြီးတဲ့နောက် အစစ်ဆေးခံဖို့အတွက် ထိုင်းနိုင်ငံတောင်ပိုင်း Songkhla ခရိုင် ရဲတပ်ဖွဲ့ထံကို လွှဲပြောင်းပေးခဲ့ပါတယ်။

သူဟာ ဒီအမှုမှာ ပါဝင်ပတ်သက်ခဲ့ခြင်း မရှိပါဘူးဆိုပြီး ခုခံပြောဆိုခဲ့သလို၊ စွတ်စွဲချက်တွေအပေါ် အပြစ်မရှိကြောင်း ပြောဆိုခဲ့ပါတယ်၊ ဒါပေမဲ့ တာဝန်ရှိသူတွေက ဆက်လက် စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်သွားမှာ ဖြစ်တဲ့အကြောင်း ထိုင်းအမျိုးသားရဲတပ်ဖွဲ့ရဲချုပ် ရဲဗိုလ်ချုပ်ကြီး Somyot Poompamoung က ပြောပါတယ်။ လူကုန်ကူးမှု အရေးအခင်းနဲ့ ပတ်သက်ပြီး ထိုင်းစစ်တပ်ဟာ လုံးဝပါဝင်ပတ်သက်ခဲ့ခြင်း မရှိကြောင်း ငြင်းဆိုထားပါတယ်။

XS
SM
MD
LG