ထိုင်းနိုင်ငံမှာ လာအလုပ်လုပ်နေတဲ့ နိုင်ငံခြားက ရွှေ့ပြောင်း အလုပ်သမားတွေမှာ ကူးစက်ရောဂါ ရှိသူတွေ တော်တော်များများ ပါလာတာကြောင့် မြန်မာ၊ ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံ နယ်စပ်တွေနဲ့ နီးတဲ့ နေရာတွေက ကျန်းမာရေး ၀န်ထမ်းတွေ ကြပ်မတ်မှုတွေကို ဖိဖိစီးစီး ဆောင်ရွက်ဖို့ ထိုင်းကျန်းမာရေး အရာရှိတွေက သတိပေးလိုက်ပါတယ်။ လွန်ခဲ့တဲ့နှစ်အတွင်း ထိုင်းနိုင်ငံမှာ ရွှေ့ပြောင်းအလုပ်သမားပေါင်း ၁,၀၀၀,၀၀၀ ကျော် ရှိတဲ့အနက် ၁၀,၀၀၀ ကျော်မှာ ငှက်ဖျား၊ ၀က်သက်၊ TB ရောဂါတွေ ရှိနေတာကို တွေ့ရတယ်လို့ ထိုင်း ကူးစက်ရောဂါ ကာကွယ်ရေးဆိုင်ရာ လေ့လာရေးဌာနက ပြောပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး အသေးစိတ်ကို စုံစမ်းထားတဲ့ နော်ရှိုးက တင်ပြပေးထားပါတယ်။
ဒီနေ့ထုတ် TNA ထိုင်းသတင်း အေဂျင်စီက သတင်းတပုဒ်အရ ထိုင်း ဒု-လက်ထောက် ကျန်းမာရေးဝန်ကြီး ဒေါက်တာ ဖန်စီရီ ခူလာနာ့တ်စီရီ (Dr. Phansiri Kullanartsiri) က ကူးစက်ရောဂါတွေနဲ့ ပတ်သက်ပြီး မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား နယ်စပ်ဒေသတွေ၊ အထူးသဖြင့် ငါးလုပ်ငန်း လုပ်ကိုင်နေသူတွေကြားမှာ သတိထားကြဖို့ ပြောလိုက်တာကို ကိုးကားထားပါတယ်။
ပြီးခဲ့တဲ့နှစ်အတွင်း ထိုင်းနိုင်ငံမှာ ရွှေ့ပြောင်း အလုပ်သမား ၁,၀၀၀,၀၀၀ ကျော် ရှိတဲ့အနက် ၁၀,၀၀၀ ကျော်မှာ ငှက်ဖျား၊ ၀က်သက်၊ TB ရောဂါတွေ ရှိနေတာကို တွေ့ရတယ်လို့ ထိုင်း ကူးစက်ရောဂါ ကာကွယ်ရေးဆိုင်ရာ လေ့လာရေးဌာနက ပြောထားတာကိုလည်း ကိုးကားထားပါတယ်။ ဒါ့အပြင် ၂၀၀၉ ခုနှစ်နဲ့ ၂၀၁၀ ခုနှစ်အတွင်း ထိုင်း၊ မြန်မာ နယ်စပ်မှာ ကာလ၀မ်းရောဂါ ကူးစက်သူ တနေ့ကို ၃၀၀ ကနေ ၈၀၀ နှုန်းနဲ့ စုစုပေါင်း ၇,၀၀၀ ကျော်ကို တွေ့ရသလို ထိုင်း၊ ကမ္ဘောဒီးယား၊ လာအိုနယ်စပ်မှာ ကာလ၀မ်းရောဂါ ကူးစက်သူ စုစုပေါင်း ၂,၃၀၀ ကျော် တွေ့ခဲ့ရတဲ့ အကြောင်းကို ရေးသားထားပါတယ်။
ဒီလို ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ထိုင်းအစိုးရက စိုးရိမ်မကင်း ဖြစ်ရသလို ဒါတွေကို ကာကွယ်ဖို့အတွက် ဘယ်လိုကြပ်မတ်နေတယ် ဆိုတဲ့အကြောင်းနဲ့ ပတ်သက်ပြီး ဘန်ကောက်က ထိုင်း ကျန်းမာရေး ၀န်ကြီးဌာန လက်အောက် ရောဂါထိန်းချုပ်ရေးဌာန ဒု-ညွှန်ကြားရေးမှူး ဒေါက်တာ စုမ်စက်ခ် အပ်ခ်စလစ်ပ် (Somsak Akksilp) က အခုလို ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။
“ကျနော်တို့အနေနဲ့ နယ်စပ်ဒေသက ကျနော်တို့ရဲ့ ကျန်းမာရေး ၀န်ထမ်းတွေကနေ တဆင့် တရားဝင် ရွှေ့ပြောင်း အလုပ်သမားတွေမှာ ကူးစက်ရောဂါတွေ ရှိမရှိနဲ့ တခြား ကျန်းမာရေး အချက်အလက်တွေကို စစ်ဆေးစေပါတယ်။”
ထိုင်းနိုင်ငံကို တရားဝင် လာရောက်လုပ်ကိုင်နေကြတဲ့ အလုပ်သမားတွေအတွက် မိမိကိုယ်ကို အလုပ်သမားအဖြစ် အမည်စာရင်း တင်သွင်းရာမှာ ကျန်းမာရေးနဲ့ ပတ်သက်ပြီး မိမိစရိတ်နဲ့ မိမိ စစ်ဆေးမှုတွေ လုပ်ဖို့အတွက် မဖြစ်မနေ လိုအပ်တယ်လို့လည်း ဒေါက်တာ စုမ်စက်ခ်က ပြောပါတယ်။
ဒါပေမဲ့ အခုလို တရားဝင် ရွှေ့ပြောင်း အလုပ်သမားတွေ အပြင် ထိုင်းနိုင်ငံမှာက နေ့စဉ်နဲ့အမျှ နယ်စပ်ဖြတ်ကျော်ပြီး တရားမ၀င် လာရောက် လုပ်ကိုင်တဲ့ သူတွေကလည်း ဒုနဲ့ဒေးဆိုတော့ သူတို့ဆီမှာ ပါလာနိုင်ဖွယ်ရှိတဲ့ ကူးစက်ရောဂါတွေနဲ့ ပတ်သက်ပြီး ခန့်မှန်း တွက်ချက်ရတာ ခက်ခဲတာကြောင့် ဒါဟာ ကြီးမားတဲ့ ပြဿနာတခု ဆိုပြီးတော့လည်း ဒေါက်တာ စုမ်စက်ခ်က ပြောပါတယ်။
“ဒါ အင်မတန် ကြီးမားတဲ့ ပြဿနာပါ။ တရားမ၀င် ရွှေ့ပြောင်း အလုပ်သမားတွေဟာ နယ်စပ်ဒေသမှာ သာမက ဘန်ကောက်အထိ ရောက်လာကြပါတယ်။ သူတို့ဆီမှာ ကူးစက်ရောဂါ ရှိမရှိကို စစ်ဆေးဖို့ ကျနော်တို့အနေနဲ့ သူတို့ကို အလုပ်ပေးတဲ့ ထိုင်းအလုပ်ရှင်၊ စီးပွားရေး လုပ်ငန်းတွေနဲ့ ပူးပေါင်းရပါတယ်။ တခါတလေလည်း ရွှေ့ပြောင်း အလုပ်သမားတွေထဲက ကျန်းမာရေးဆိုင်ရာ လုပ်အားပေးမယ့် သူတွေကနေ တဆင့် သက်ဆိုင်ရာ ဘာသာစကားနဲ့ အသိပညာပေးတွေ လုပ်ခိုင်းရပါတယ်။ နေမကောင်းရင် ဆေးခန်းသွားဖို့ တိုက်တွန်းခိုင်းရပါတယ်။”
ငှက်ဖျား၊ ကာလ၀မ်းရောဂါ၊ ၀က်သက်၊ TB နဲ့ AIDS တို့လို ကူးစက် ပြန့်ပွားတတ်တဲ့ ရောဂါတွေက ထိုင်းနိုင်ငံမှာ နဂိုကတည်းက ရှိနေပေမဲ့လည်း ပိုမိုဆင်းရဲတဲ့ အိမ်နီးချင်း နိုင်ငံတွေက ရွှေ့ပြောင်း အလုပ်သမားတွေ ဆီကနေ ကူးစက်ရောဂါတွေ ပါလာနိုင်တာကြောင့် ပြဿနာကို ပိုကြီးမားစေတယ်လို့လည်း သူက ပြောပါတယ်။
“ကျနော်တို့ဆီမှာလည်း ကူးစက်ရောဂါနဲ့ ပတ်သက်ပြီး နဂိုကတည်းက ပြဿနာတွေ ရှိပါတယ်။ ဒါပေမဲ့ ရွှေ့ပြောင်း အလုပ်သမားတွေ မရှိဘူးဆိုရင် ပြဿနာက ဒီလောက်အထိ ပိုကြီးမှာ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ကျနော်တို့ အိမ်နီးချင်း နိုင်ငံတွေက ကျန်းမာရေး ၀န်ဆောင်မှုတွေမှာ ကျနော်တို့နဲ့ယှဉ်ရင် အတော်အားနည်းနေတာကြောင့် ဖြစ်ပါတယ်။”
ဒီလို ထိုင်းနိုင်ငံမှာ လာရောက်လုပ်ကိုင်ကြတဲ့ ရွှေ့ပြောင်း အလုပ်သမားတွေဆီမှာ အသက်အန္တရာယ် စိုးရိမ်ရတဲ့ ငှက်ဖျား၊ ၀က်သက်၊ ကာလ၀မ်းရောဂါ စတဲ့ ကူးစက်ရောဂါတွေ ပါလာတာနဲ့ ပတ်သက်ပြီး ထိုင်းအစိုးရက စိုးရိမ်မကင်း ဖြစ်ရတဲ့ ကိစ္စကတော့ အဆန်းမဟုတ်ပါဘူး။ ဒါပေမဲ့လည်း အခုလို ဒီနေ့ ထိုင်း ဒု-ကျန်းမာရေးဝန်ကြီးက ဒီကိစ္စနဲ့ ပတ်သက်ပြီး သတိပေးလိုက်တာကို ကြည့်ခြင်းအားဖြင့် ဒီပြဿနာဟာ အရမ်း ပိုဆိုးရွားလာတယ်လို့ မပြောနိုင်ရင်တောင် ထိုင်းနိုင်ငံမှာ စိန်ခေါ်မှုတခုအဖြစ် ဆက်ရှိနေတယ် ဆိုတာကို ပြသနေတာ ဖြစ်ပါတယ်။