သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီ နှိမ်နင်းမှုကြောင့် ထိုင်းနိုင်ငံ ကွန်ဒိုတိုက်ခန်း အရောင်းဈေးကွက် ထိခိုက်ဖွယ်ရှိ


ဘန်ကောက်မြို့ အဆောက်အဦများ
ဘန်ကောက်မြို့ အဆောက်အဦများ

မြန်မာနိုင်ငံသားတွေ ထိုင်းနိုင်ငံမှာ ကွန်ဒိုတိုက်ခန်းတွေ ဝယ်ယူမှုအပေါ် စစ်ကောင်စီက စိစစ်အရေးယူမှုတွေ လုပ်ဆောင်လာတဲ့အတွက် အခုနှစ်ရဲ့ ဒုတိယနဲ့ တတိယ ၄ လပတ်တွေအတွင်း အရောင်းကျသွားနိုင်တယ်လို့ ထိုင်းနိုင်ငံ ကွန်ဒိုတိုက်ခန်းများ လုပ်ငန်းရှင်အသင်းက ပြောပါတယ်။

မြန်မာစစ်ကောင်စီရဲ့ ကန့်သတ်ချက် ထွက်လာပြီးတဲ့နောက် ထိုင်းဘတ်ငွေ ၁ ဘီလီယံ တန်ဖိုးရှိတဲ့ ဝယ်ယူပြီးသား ကွန်ဒိုတိုက်ခန်းတွေ ဧပြီနဲ့ မေလတွေအတွင်း ဆိုင်းငံ့ခံထားရတယ်လို့ ထိုင်းကွန်ဒိုလုပ်ငန်းရှင်များအသင်းဥက္ကဌ Prasert Taedullayasatit ကို ကိုးကားပြီး ထိုင်းနိုင်ငံထုတ် ဘန်ကောက်ပို့စ် သတင်းက ဖော်ပြပါတယ်။

ထိုင်းနိုင်ငံအတွင်း ကွန်ဒိုတိုက်ခန်းတွေ အများဆုံးဝယ်ယူနေသူတွေထဲ မြန်မာနိုင်ငံသားတွေက ထိပ်ဆုံးမှာ ပါဝင်နေတဲ့အတွက် အခုလို ကန့်သတ် ပိတ်ပင်မှုတွေက ထိုင်းနိုင်ငံရဲ့ ကွန်ဒိုတိုက်ခန်း တည်ဆောက်ရောင်းချနေသူတွေအတွက် အခက်အခဲတွေနဲ့ ရင်ဆိုင်ရစေနိုင်တယ်လို့ သူက ပြောပါတယ်။

တရုတ်နိုင်ငံသားတွေရဲ့ ဝယ်ယူအားကျဆင်းလာနေချိန် ဒေသခံ ထိုင်းလူမျိုးတွေထက်စာရင် မြန်မာနိုင်ငံသားတွေရဲ့ ဝယ်ယူမှုအရှိန် ပုံမှန် မြင့်တက်လာနေတာကြောင့် မြန်မာနိုင်ငံသားတွေရဲ့ အခန်းကဏ္ဍကို လျစ်လျှူရှုထားလို့ မရနိုင်ဘူးလို့ Prasert က ပြောပါတယ်။

အစောပိုင်းမှာ ထိုင်းနိုင်ငံအတွင်း မြန်မာနိုင်ငံက ကွန်ဒိုတိုက်ခန်း ဝယ်ယူမှုပမာဏဟာ ထိပ်တန်း ၁၀ နိုင်ငံစာရင်းအပြင်မှာ ရှိနေခဲ့ရာက ၂၀၂၂ ခုနှစ်ကစလို့ တဖြည်းဖြည်း များပြားလာပြီး ထိပ်တန်း ၅ နိုင်ငံစာရင်းအတွင်းကို ရောက်လာခဲ့တယ်လို့ ထိုင်းနိုင်ငံ အိုးအိမ်ခြံမြေ အရောင်းဌာန REIC က ပြောပါတယ်။

၂၀၂၄ ခုနှစ်မှာတော့ ထိုင်းနိုင်ငံမှာ ကွန်ဒိုတိုက်ခန်း ဝယ်ယူတဲ့ နိုင်ငံခြားသားတွေထဲမှာ မြန်မာနိုင်ငံက ဝယ်ယူတဲ့ ပမာဏ ဒုတိယ အများဆုံး ဖြစ်လာတဲ့အကြောင်း REIC သတင်းအချက်အလက် စင်တာ ယာယီညွှန်ကြားရေးမှုး Vichai Viratkapan ရဲ့ ပြောဆိုချက်ကို ကိုးကားပြီး သတင်းမှာ ဖော်ပြထားပါတယ်။

Forum

XS
SM
MD
LG