သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်း ကန်ချနဘူရီမှာ မြန်မာလုပ်သား ၅၀နီးပါးဖမ်းဆီးခံရ


ကန်ချနပူခရိုင်အတွင်း ဖမ်းဆီးခံ အထောက်အထားမဲ့ မြန်မာလုပ်သားများ
ကန်ချနပူခရိုင်အတွင်း ဖမ်းဆီးခံ အထောက်အထားမဲ့ မြန်မာလုပ်သားများ

ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်က ဆောက်လုပ်ရေးလုပ်ငန်းခွင်ကို နယ်မြေခံလူဝင်မှုကြီးကြပ်ရေးတာဝန်ရှိသူတွေက ဝင်ရောက်စီးနင်းခဲ့ရာမှာ မြန်မာအလုပ်သမား၅၀နီးပါးဖမ်းဆီးခံရပါတယ်။ တရားမဝင်မြန်မာအလုပ်သမားတွေကို အလုပ်လုပ်ခွင့်ပေးထားတဲ့အလုပ်ရှင်ကိုပါအရေးယူမယ်လို့ ထိုင်းအာဏာပိုင်တွေကဆိုပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက်မအေးအေးမာကသတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံ ကန်ချဘူရီခရိုင်ထဲက ဆောက်လုပ်ရေးလုပ်ငန်းခွင်ကို ဖေဖော်ဝါရီ ၄ ရက်နေ့က ဝင်ရောက်ရှာဖွေဖမ်းဆီးရာမှာ တရားမဝင်မြန်မာ ၅၀လောက် အဖမ်းဆီးခံရတယ်လို့ အလုပ်သမားရေးတက်ကြွလှုပ်ရှားသူဦးမိုးကြိုးက ပြောပါတယ်။

“၄ရက်နေ့တုန်းက ထိုင်းနိုင်ငံကန်ချနဘူရီခရိုင်မှာရှိတဲ့ဆောက်လုပ်ရေးလုပ်ငန်းခွင်တခုကို ထိုင်းလ၀ကနေ ရှောင်တခင်ဝင်ရောက်ရှာဖွေဖမ်းဆီးတဲ့အခါမှာ တရားမဝင် မြန်မာအလုပ်သမား ၅၀နီးပါးဖမ်းမိပါတယ်။ သူတို့ ၅၀နီးပါဟာ ထိုင်းနိုင်ငံတွင်း ရှိရမယ့် အထောက်အထား လက်မှတ်တွေမရှိပဲ အလုပ်လုပ်ကိုင်နေတာရယ်၊ နောက်တခုက နယ်စပ်ဖြတ်ကျော်ပြီးတရားမဝင်ဝင်ရောက်လာတာရယ်နဲ့ အမူ့ ၂ခုနဲ့ ဖမ်းဆီးခံလိုက်ရပါတယ်။”

အခုဆိုရင် အလုပ်သမားလက်မှတ်လုပ်ဖို့ စာရင်းတင်ရတာနဲ့ အလုပ်လုပ်ခွင့်လက်မှတ်လုပ်ဖို့ သွေးစစ်ဖို့ ငွေကြေးသွင်းထားရမယ့်ရက်လည်း ကုန်ဆုံးသွားပြီဖြစ်တာကြောင့် ငွေကြေးမတတ်နိုင်တဲ့ အလုပ်သမားတွေဟာ အလုပ်လုပ်ခွင့်လက်မှတ် မလုပ်ပဲနေကြတာကြောင့် အခုလိုရှောင်တခင်စစ်ဆေးချိန်မှာအဖမ်းခံရတာဖြစ်တယ်လို့လည်း ဦးမိုးကြိုးကပြောပါတယ်။

“သတ်မှတ်ရက်က ဇန်နဝါရီ ၁၅ပါ နောက်ဆုံးသတ်မှတ်တယ် ပြီးရင်အလုပ်ရှင်ကိုခေါ်ပြီး ကျန်းမာရေးစစ်ဆေးတာ သွေးစစ်တာ အလုပ်လုပ်ခွင့် လက်မှတ်လုပ်တာတွေကို တပြိုင်တည်းလုပ်ရမယ်လို့ ထိုင်းအစိုးရက သတ်မှတ်ထားတာပါ။ ဒီအခါမှာ လုပ်ငန်းစဉ်ကိုနားမလည်တာရယ် သတ်မှတ်ထားတဲ့ငွေကြေးကို မတတ်နိုင်ကြတာရယ် လုပ်ငန်းစဉ်လုပ်ဖို့အဆင်မပြေကြဘူး။ ပြီးတော့ CI မည်သူမည်ဝါဖြစ်ကြောင်း အထောက်အထားလက်မှတ်လုပ်ရဦးမယ်။ ပြောမယ်ဆိုရင် အစနဲ့အဆုံးဘတ် နှစ်သောင်းဝန်းကျင်လောက်ကုန်မယ။ အဲဒီအကုန်အကျကို ထိုင်းရောက်မြန်မာတွေကမတတ်နိုင်ကြလို့ဖြစ်တယ်။”

တရားမဝင်လမ်းကြောင်းကနေ လာရောက်သူတွေဟာ စစ်တပ်က အာဏာသိမ်ပြီး ၃နှစ်အတွင်းမှာ ပိုများလာနေကြောင့် အခုလို အစုလိုက်အပြုံလိုက် ဖမ်းဆီးမူတွေ နယ်စပ်မှာရော လုပ်ငန်းခွင်တွေမှာပါ ဖြစ်နေတယ်လို့ လည်းM YANMAR HUMANITARIAN ACTION CENTER
"MHAC" က တာဝန်ရှိသူဦးရဲမင်းကလည်းပြောပါတယ်။

“တရားမဝင်လမ်းတွေကနေ ဝင်လာတော့ အရင်ကလည်းအကြိမ်ကြိမ်ဖြစ်ခဲ့တယ်။ အစုလိုက်အပြုံလိုက်ဖမ်းမိတာ ကားပေါ်မှာဖမ်းမိတာ ရာဘာတောမှာဖမ်းမိတာ နယ်စပ်မှာဖမ်းမိတာ ထိုင်းနိုင်ငံထဲကိုဝင်ရောက်ချိန်မှာဖမ်းမိတာ စသည်ဖြင့်ပေါ့၊ အစုလိုက်အပြုံလိုက် ဖမ်းဆီးမူတွေကဆက်တိုက်ဖြစ်လာတာပေါ့။”

အခုဖမ်းဆီးမူ့မှာတော့ တရားမဝင် မြန်မာအလုပ်သမားတွေသာမက သူတို့ကို အလုပ်ခိုင်းစေခဲ့တဲ့ လုပ်ငန်းရှင်ကိုပါ အရေးယူတာတွေဆက်လုပ်သွားမယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။

ထိုင်းအလုပ်သမားဝန်ကြီးဌာန လက်အောက်ခံ Department of employment (DOE) အလုပ်အကိုင်ဌာန ရဲ့၂၀၂၃ ခုနှစ်ဇူလိုင်လကုန်ထိ ကောက်ခံထားတဲ့ စာရင်းအရ မြန်မာအပါအဝင် အိမ်နီးချင်းနိုင်ငံတွေက လာရောက်အလုပ်လုပ်ကိုင်နေတဲ့ တရားဝင်ရွှေ့ပြောင်းအလုပ်သမားက စုစုပေါင်း နှစ်သန်းခုနှစ်သိန်းခုနှစ်သောင်းနီးပါး ဦးရှိပြီး၊ ဒီထဲမှာမြန်မာက တသန်းခွဲကျော်ရှိပါတယ် ။ အခုလိုတရားဝင်အထောက်အထားလုပ်တဲ့ သူတွေထက်စာရင် လက်မှတ်လုပ်ဖို့ငွေကြေးမတတ်နိုင်တာကြောင့် အထောက်အထားမဲ့မြန်မာတွေကတော့ တရားဝင်စာရင်းထက် ၂ဆလောက်ပို များနေတယ်လို့ အလုပ်သမားရေး ဆောင်ရွက်နေသူတွေက ပြောဆိုကြပါတယ်။

XS
SM
MD
LG