သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လိပ်ကျွန်းလူသတ်မှု တရားစစ်ဆေး


ထိုင်းနိုင်ငံကို အားလပ်ရက် ခရီးထွက်လာတဲ့ ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံရမှုနဲ့ အဖမ်းခံနေရတဲ့ မြန်မာနိုင်ငံသား ၂ ဦးဟာ ဒီကနေ့ ဇူလိုင် ၈ ရက်နေ့ ရုံးချိန်းအတွက် ကော့စမွေခရိုင် တရားရုံးကို ရောက်လာပြီ ဖြစ်ပါတယ်။ ဒီလူသတ်မှုအတွက် ဗြိတိန်နိုင်ငံမှာ ဒေါသထွက်နေကြပြီး ဒီလူသတ်မှုကနေ ထိုင်းရဲတွေရဲ့ အရည်အချင်းနဲ့ ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်း အလုပ်သမားတွေအပေါ် သူတို့ရဲ့ဆက်ဆံမှုတွေနဲ့ ပတ်သက်ပြီး မေးခွန်းထုတ်စရာတွေ ဖြစ်လာတာပါ။

ဗြိတိန်နိုင်ငံသားတွေ ဖြစ်တဲ့ အသက်၂၄ နှစ်အရွယ် David Miller နဲ့ အသက် ၂၃ နှစ်အရွယ် Hannah Witheridge တို့ဟာ ထိုင်းနိုင်ငံ တောင်ပိုင်းက နိုင်ငံခြားခရီးသွားတွေ အလာများတဲ့ လိပ်ကျွန်းလို့ ခေါ်တဲ့ ကော့ထောင်ကျွန်းမှာ မနှစ်က အသတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံက ရွှေ့ပြောင်းအလုပ်သမားတွေ ဖြစ်တဲ့ ဇော်လင်းနဲ့ ဝင်းဇော်ထွန်းတို့ ၂ ယောက်ဟာ သူတို့ သတ်ခဲ့ကြောင်း ဝန်ခံခဲ့တယ်လို့ အောက်တိုဘာလတုန်းက ထိုင်းရဲတွေက ပြောခဲ့ပါတယ်။ ဒီလူသတ်မှုအတွက် သီတင်းပတ်နဲ့ချီပြီး ခန့်မှန်းပြောဆိုမှု တွေလုပ်နေတာမို့ ထိုင်းရဲတွေ ဖိအားအပေးခံခဲ့ရတဲ့ နောက်မှာ အခုလို ဝန်ခံကြောင်း ရဲကပြောကြားခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် DNA စစ်ဆေးရာမှာလည်း အသတ်ခံရသူ ၂ ဦးဆီကရတဲ့ DNA ဟာ အခုသံသယရှိသူ ၂ ဦးနဲ့ ကိုက်ညီနေတယ်လို့ ရဲက ပြောခဲ့တာပါ။

ဒါပေမဲ့ နောက်ပိုင်းမှာတော့ သူတို့ကို နှိပ်စက်ပြီး သတ်မိကြောင်း ဝန်ခံခိုင်းခဲ့တယ်လို့ သူတို့ ၂ ဦးက ပြောကြားခဲ့ပါတယ်။ သူတို့ ၂ ဦးအတွက် လိုက်ပါဆောင်ရွက်ပေးနေတဲ့ ထိုင်းရှေ့နေအဖွဲ့ကတော့ သူတို့ကို ဒီလို ဝန်ခံလာအောင် ရဲတွေကနှိပ်စက်ခဲ့တယ်ဆိုတာကို တွေ့ရတာမို့ ဒီလူသတ်မှုနဲ့ ပါတ်သက်ပြီး အထောက်အကူရအောင် ကျနော်တို့အဖွဲ့က ဒီကိစ္စကို ထိုင်းရှေ့နေများကောင်စီကို တင်သွင်းခဲ့တယ်လို့ ပြောပါတယ်။

ပြစ်မှုကျူးလွန်ကြောင်း တွေ့ခဲ့ရင်တော့ သူတို့ ၂ ဦးဟာ သေဒဏ်အကျခံရဖို့ ရှိပါတယ်။ ဒီလူသတ်မှုဟာ အိမ်နီးချင်းဆင်းရဲတဲ့ နိုင်ငံတွေကလာပြီး ထိုင်းနိုင်ငံမှာ အလုပ်လုပ်နေကြတဲ့ ရွှေ့ပြောင်းအလုပ်သမား ၂ သန်းခွဲလောက်ပေါ် ထိုင်းနိုင်ငံရဲ့ ဆက်ဆံမှုကို စမ်းသပ်လိုက်တဲ့ အမှုလို့ လူ့အခွင့်ရေး အဖွဲ့တွေက ပြောပါတယ်။ တရားရင်ဆိုင်တဲ့ အခါမှာ ငွေမတတ်နိုင်တဲ့ ဆင်းရဲသားတွေ အမှုနိုင်ဖို့ မလွယ်တဲ့ ထိုင်းနိုင်ငံမှာ ဒီ လူငယ် ၂ ဦးအတွက် မျှတတဲ့ တရားစီရင်မှုမျိုး မရပဲ ထိုးအကျွေးခံရတဲ့အဖြစ်မျိုး ရောက်မှာကိုလည်း စိုးရိမ်နေကြတာ ဖြစ်ပါတယ်။

မနှစ်က စက်တင်ဘာ ၁၅ ရက်နေ့က ကော့ထောင်ကမ်းခြေမှာ သေဆုံးနေတဲ့ Witheridge ဟာ အဓမ္မပြုကျင့်ပြီး အရိုက်နှက်ခံရတာ တွေ့ရသလို ခေါင်းဒဏ်ရာနဲ့ Miller ကိုတော့ နောက်ပိုင်း ဆေးစစ်ချက်တွေအရ ဒီခေါင်းဒဏ်ရာနဲ့ ရေထဲပစ်ထားတဲ့အတွက် ရေနစ်သေဆုံးခဲ့ကြောင်း တွေ့ခဲ့ရတာပါ။ ဒီလူသတ်မှုအတွက် စုံစမ်းစစ်ဆေးမှုတွေနဲ့ ပတ်သက်ပြီး စိုးရိမ်စရာတွေ တွေ့လာရတဲ့နောက်ပိုင်း သီတင်းပတ် အတော်ကြာချိန်မှာ ဗြိတိန်အစိုးရက လန်ဒန်က ထိုင်းသံရုံးတာဝန်ခံကို ဆင့်ခေါ် ပြောဆိုခဲ့ပါတယ်။

ထိုင်းနိုင်ငံမှာ ထိုင်းနိုင်ငံသားတွေ မလုပ်ချင်တဲ့ လုပ်အားစိုက်ထုတ်ရတဲ့ စိုက်ပျိုးရေး၊ ဆောက်လုပ်ရေးနဲ့ ငါးဖမ်းလုပ်ငန်းတွေ အပြင် အိမ်ဖေါ်အလုပ်နဲ့ ဟော်တယ်တွေ စားသောက်ဆိုင်တွေမှာ ရွှေ့ပြောင်းအလုပ်သမား အများအပြား ဝင်ရောက်လုပ်ကိုင်နေကြတာ ဖြစ်ပါတယ်။ ဒီအမှုအတွက် အောက်တိုဘာလလောက်မှာ စီရင်ချက်ချမယ်လို့ ခန့်မှန်းရပါတယ်။

XS
SM
MD
LG