သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကလေးသူငယ်ဆိုင်ရာ ထိုင်းဥပဒေကို ကြိုဆို


ထိုင်းနိုင်ငံတွင်းမှာနေထိုင်နေကြတဲ့ ဘယ်နိုင်ငံသားမဆို အသက် ၁၈ အောက်ကလေးငယ်တွေနဲ့ လိင်ပိုင်းဆိုင်ရာ ကျုးလွန်နေတဲ့ပုံတွေ၊ မှတ်တမ်းတွေ၊ အထောက်အထားတွေကို တယ်လီဖုန်း၊ ကင်မရာ၊ ကွန်ပြူတာတွေမှာ တွေ့မယ်ဆိုရင် ထောင်ဒဏ် ၅ နှစ်အထိ ပြစ်ဒဏ် ပေးမယ်ဆိုတဲ့ဥပဒေကို မေလ ၁၅ ရက်နေ့က ထိုင်းလွတ်တော်ကနေ ဆုံးဖြတ်ချက်ချခဲ့ပြီး ဒ်ီဥပဒေကို ရက်ပေါင်း ၉ဝ အတွင်း အတည်ပြုနိုင်ဖို့ ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံသား ရွှေ့ပြောင်းလုပ်သားမိသားစု အများအပြားနေထိုင်ကြတဲ့ ထိုင်းနိုင်ငံမှာ အခုလို ကလေးငယ်တွေအတွက် အကာအကွယ်ပေးဖို့ လုပ်ဆောင်လာတာကို ကလေးသူငယ်အခွင့်အရေးဆိုင်ရာ လှုပ်ရှားဆောင်ရွက်သူတွေက ကြိုဆိုလိုက်ကြပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံတွင်းမှာ ကလေးသူငယ်တွေနဲ့ပတ်သက်လို့ လိင်ပိုင်းဆိုင်ရာကျုးလွန်မှု ပြဿနာတွေ ရှိနေတဲ့အတွက် အသက် ၁၈ နှစ်အောက် ကလေးငယ်တွေကို လိင်ပိုင်းဆိုင်ရာကျုးလွန်နေတဲ့မှတ်တမ်းတွေ၊ အထောက်အထားတွေကို တယ်လီဖုန်းတွေ၊ ကင်မရာတွေ၊ ကွန်ပြူတာတွေတွေထဲမှာ သိမ်းဆည်းထားတာ တွေ့မယ်ဆိုရင် ဘယ်နိုင်ငံသားပဲဖြစ်ဖြစ် အရေးယူမယ်ဆိုတဲ့အကြောင်း ဥပဒေတရပ် ထုတ်ပြန်ဖို့ ထိုင်းလွတ်တော်ကနေ ဆုံးဖြတ်ခဲ့တာပါ။

ဒါဟာ ကလေးသူငယ်တွေရဲ့အနာဂတ်အတွက် အကာအကွယ်ပေးရာရောက်သလိုဖြစ်တဲ့အတွက် ကလေးအခွင့်အရေးဆိုင်ရာ တက်ကြွ လှုပ်ရှားသူတွေက ကြိုဆိုခဲ့ပါတယ်။ ထိုင်း-မြန်မာနယ်စပ်က ရွှေ့ပြောင်းအလုပ်သမားတွေကြားမှာလည်း ကလေးငယ်တွေကို လိင်ပိုင်းဆိုင်ရာ ကျူးလွန်ကြသူတွေ အများအပြားရှိနေတဲ့အကြောင်း၊ ကလေးအခွင့်အရေးလှုပ်ရှားဆောင်ရွက်သူတဦးလည်းဖြစ်၊ ရွှေ့ပြောင်းကျောင်းဆရာ တစ်ဦးလည်းဖြစ်တဲ့ ကိုထိုက်သူအောင်က အခုလို ပြောပါတယ်။

“ရွှေ့ပြောင်းအလုပ်သမားတွေကြားမှာဆိုလို့ရှိရင် အိမ်တွင်းအကြမ်းဖက်မှုတွေရဲ့နောက်ဆက်တွဲ မိသားစုတွေ ပြိုကွဲပြီးတော့ ပထွေးတို့ .. ခြေတော်တင်တဲ့ဖြစ်စဉ်တွေက နေရာတိုင်းမှာရှိတယ်။ ဖုပ်ဖတ်နယ်မြေမှာဆိုရင်လည်း ဖြစ်ခဲ့တဲ့အမှုတွေက နည်းတာမဟုတ်ဘူး။ အထူးသဖြင့် ၈ နှစ်၊ ၉ နှစ် ကလေးငယ်လေးတွေပေါ့နော်။ ကလေးမလေးတွေကို အဓမ္မပြုကျင့်တဲ့ဖြစ်စဉ်တွေ ဖြစ်တယ်။ ကျူးလွန်တယ်ဆိုလို့ရှိရင် အပြစ်ရှိတယ်ဆိုတဲ့ဟာမျိုးကိုလည်း ကျနော်တို့ ရွှေ့ပြောင်းအလုပ်သမားတွေမှာ သေ သေချာချာ ဂဃနဏ သိရှိတဲ့အခြေအနေ မတွေ့ရဘူး။”

ထိုင်းနိုင်ငံအတွင်း အခုလိုမျိုး ကလေးငယ်တွေကို လိင်ပိုင်းဆိုင်ရာကျူးလွန်ထားတဲ့ မှတ်တမ်းဓာတ်ပုံတွေ တွေ့ရရင် ထောင်ဒဏ် ၅ နှစ်နဲ့ ဒဏ်ငွေ (၁) သိန်းအထိ ပြစ်ဒဏ်ချမှတ်မှာဖြစ်ကြောင်း ဥပဒေသစ်မှာ ဖော်ပြထားပါတယ်။ ဒီပြစ်ဒဏ်ဟာ ဘယ်နိုင်ငံသားမဆို အကျုံးဝင်တယ်လို့လည်း ဖော်ပြထားပါတယ်။

ကလေးသူငယ်များဆိုင်ရာ ဥပဒေသစ်ထုတ်ပြန်ထားတဲ့အတွက် အမှုအခင်းကြုံလာလို့ ရဲဌာနကို လာရောက်သူတွေအနေနဲ့ မိမိတို့ ကိုင်ဆောင်ထားတဲ့ လက်ကိုင်ဖုန်းအတွင်း ညစ်ညမ်းရုပ်ပုံတွေ၊ အထူးသဖြင့် ကလေးတွေနဲ့ လိင်ပိုင်းဆိုင်ရာဆက်ဆံနေတဲ့ပုံတွေကို တွေ့ရှိရင် အမှုရင်ဆိုင်ရမှာဖြစ်ကြောင်း ထိုင်းသတင်းတွေမှာ ဖော်ပြနေပါတယ်။ ဒါ့အပြင် ကလေးသူငယ်တွေကို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ လုပ်ခဲ့တယ်ဆိုရင်လည်း ထိုင်းနိုင်ငံအတွင်းမှာ ပြင်းထန်တဲ့အရေးယူမှုတွေ ရှိနေတာပါ။

ကလေးတွေကို လိင်ပိုင်းဆိုင်ရာကျူးလွန်မှုတွေ မဖြစ်အောင် ပညာပေးလှုံ့ဆော်မှုတွေကတော့ မြန်မာရွှေ့ပြောင်းလူထုတွေကြား အားနည်းနေဆဲ ဖြစ်ပြီး ဖြစ်ပြီးမှသာ ကာကွယ်စောင့်ရှောက်မှုတွေ ပေးနိုင်တယ်လို့လည်း ကိုထိုက်သူအောင်က ဆက်ပြောသွားပါတယ်။

“ကျနော်တို့ဒီမှာ အရပ်ဘက်လူ့အဖွဲ့အစည်းတွေဖြစ်တဲ့ CDO, CSO တွေ၊ နောက် ကျနော်တို့ လူမှုအဖွဲ့အစည်းတွေကနေပြီးတော့ ဒါကို အရေးတယူ ဆောင်ရွက်နေတယ်။ ပြဿနာဖြစ်ပြီးမှ ကျနော်တို့က ကူညီစောင့်ရှောက်မှု လုပ်ငန်းစဉ်တွေကို လုပ်နိုင်တယ်။ ပြဿနာမဖြစ်အောင်၊ ရှေ့မှာ ဒီပြဿနာတွေ လျော့ပါးသွားအောင် လုပ်မယ့်စီမံချက်မျိုးကတော့ အခုအချိန်အထိ ထိုင်း-မြန်မာနယ်စပ်မှာ မထွက်ပေါ်သေးဘူး။”

မေလ ၁၅ ရက်နေ့တုန်းကလည်း ထိုင်းနိုင်ငံတောင်ပိုင်း၊ ကမ်ချနာဘူရီမြို့နယ်ထဲမှာ ဆေးရုံလာတက်တဲ့ မြန်မာမိသားစုထဲက အသက် ၄ နှစ်အရွယ်ကလေးတဥိး ပျောက်ဆုံးသွားခဲ့ပြီး အဝတ်အစားမပါဘဲ ဒဏ်ရာဒဏ်ချက်တွေနဲ့ တောထဲမှာ ပြန်လည်တွေ့ရှိခဲ့ရပါတယ်။ ခေါ်ဆောင်သွားသူတွေဟာ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ဖို့ ကြိုးစားခဲ့ပုံရတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြခဲ့ပါတယ်။ ပြီးခဲ့တဲ့ နှစ်နှစ်ခန့်ကစပြီး ထိုင်း-မြန်မာနယ်စပ်မှာ အသက် ၁၈ နှစ်အောက် ကလေးတွေရဲ့ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံရတဲ့ပြဿနာတွေသာမက အသက် ၅ နှစ်ကနေ ၁ဝ နှစ်အတွင်း ကလေးငယ်တွေကိုလည်း လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုတွေလည်း ရှိနေတဲ့အကြောင်း ကလေးကာကွယ်စောင့်ရှောက်ရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။

ကျူးလွန်သူတွေထဲက အများစုဟာ မြန်မာနိုင်ငံသားအချင်းချင်းတွေဖြစ်ကြပြီး တချို့ကတော့ မိသားစုဝင်အချင်းချင်း အိမ်တွင်း အကြမ်းဖက်မှုတွေကနေ ကလေးတွေကို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ဖြစ်လာရတယ်လို့ ဆိုပါတယ်။ ထိုင်းနိုင်ငံနဲ့နီးတဲ့ အိမ်နီးချင်း မြန်မာနိုင်ငံမှာတော့ သက်ငယ်မုဒိန်းမှုတွေ အများအပြားရှိခဲ့ပြီး ကျူးလွန်သူတွေကို အရေးယူမှု ပြစ်ဒဏ်အားနည်းတဲ့အတွက် ဝေဖန်မှုတွေ ရှိနေဆဲဖြစ်ပါတယ်ရှင်။

XS
SM
MD
LG