သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လိပ်ကျွန်း ကန့်ကွက်ဆန္ဒပြမှု ထိုင်းဝန်ကြီးချုပ် တုံ့ပြန်


ထိုင်းဝန်ကြီးချုပ် Prayuth Chan-ocha
ထိုင်းဝန်ကြီးချုပ် Prayuth Chan-ocha

ထိုင်းနိုင်ငံ ကော့တောင်ကျွန်း လူသတ်မှုနဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားနှစ်ဦးကို ထိုင်းတရားရုံးက သေဒဏ်ချမှတ်လိုက်တာနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံတွင်း နဲ့ ပြည်ပနိုင်ငံတချို့မှာပါ ကန့်ကွက်ဆန္ဒပြမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ရှိခဲ့ပြီးတဲ့နောက် ထိုင်းဝန်ကြီးချုပ် ဗိုလ်ချုပ် Prayut Chan-ocha ကတော့ ခုလို ဆန္ဒပြပြီး ဖိအားပေးတောင်းဆိုတာတွေကို လိုက်လျောပေးလို့ မရနိုင်ဘူးလို့ ပြောဆို လိုက်ပါတယ်။ ဒါပေမဲ့ မြန်မာ အစိုးရဘက်က အမှုကို ပြန်လည် စစ်ဆေးပေးဖို့ ပန်ကြားထားတဲ့အပေါ်မှာတော့ ထိုင်းနိုင်ငံရဲ့ တရားစီရင်ရေး စနစ်အရ ဥပဒေလမ်းကြောင်းကနေ အထက်တရားရုံးမှာ အယူခံဝင်နိုင်တယ်လို့ ဒီကနေ့ မနက် သတင်းထောက်တွေနဲ့ တွေ့ဆုံချိန်မှာ ပြောဆိုသွားခဲ့ပါတယ်။ ထိုင်းအခြေစိုက်သတင်းထောက် မအေးအေးမာ က အပြည့်စုံ တင်ပြပေးပါမယ်။

ပြီးခဲတဲ့ရက်ကပဲ ထိုင်းနိုင်ငံရဲ့ကော့စမွေ တရားရုံကနေ လိပ်ကျွန်း လူသတ်မူနဲ့ပတ်သက်လို့ မြန်မာနိုင်ငံသားလူငယ် ၂ဦးကိုသေဒဏ် ချမှတ်ခဲ့တာကြောင့် မြန်မာနိုင်ငံတဝှမ်းမှာရော အိမ်နီးချင်းနိုင်ငံတချို့မှာပါ ဆန္ဒပြမူတွေ ရှိခဲ့သလို၊ မြန်မာအစိုးရဘက်ကလည်း ဒီအမှုကို ပြန်လည် သုံးသပ် စစ်ဆေးပေးဖို့ တောင်းဆိုနေတာပါ။ဒီကိစ္စနဲ့ပတ်သက်လို့ ထိုင်းဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး Prayut Chan-ocha က ထိုင်းနိုင်ငံက တရားစီရင်ရေး စနစ်နဲ့ပတ်သက်ပြီး သတင်းထောက်တွေရဲ့အမေးကိုအခုလိုပြောသွားပါတယ်။

"သူအဓိကပြောသွားတဲ့အချက်တွေကတော့ မြန်မာ အစိုးဘက်က တရားစီရင်ရေး နဲ့ပတ်သက်ပြီး ပြန်လည် စစ်ဆေးတာ ကြားနားပေးဖို့ တောင်းဆိုတာမျိုးက လက်ခံပါတယ်။ တရားဥပဒေကြောင်းအရ အထက်တရားရုံးတွေမှာ ဒီအမူကိုအယူခံဝင်ပြီးတိုက်နိုင်ပါတယ်။ ဒါပေမဲ့ အခုလို ဖိအားပေးဆန္ဒပြမူတွေကြောင့် ကွင်းလုံးကျွတ် လွတ်ပေးဖို့ အစိုးရတရပ်ကိုတောင်းဆိုတာမျိုးကိုတော့ လိုက်လျှောလို့မရသလို ဘယ်နိုင်ငံ မှာမှ ဒါမျိုး လုပ်ပေးမှာမဟုတ်ပါဘူး" လို့ဖြေကြား သွားခဲ့တာပါ ။

လိပ်ကျွန်းလူသတ်မှုကိစ္စနဲ့ ပတ်သက်လို့ မြန်မာလူငယ် ၂ဦး လွတ်မြောက်ရေးအတွက် အထက်တရားရုံးအဆင့်၂ ဆင့်ကိုတက်ပြီး ဥပဒေကြောင်းအရ လုပ်ဆောင်သွားဖို့ ရှိနေတယ်လို့ လိပ်ကျွန်း အမှုနဲ့ ပတ်သက်လို့ ထင်ရှားတဲ့ ရှေ့နေ ၁၁ ဦး လိုက်ပါဆောင်ရွက်ပေးနေတဲ့ ထိုင်းရှေ့နေများကောင်စီ ကလည်းပြောဆိုထားတာပါ။

ဒီကနေ့မှာတော့ နကွန်စီဌာမရ အကျဉ်းထောင်ကို ထိုင်းရှေ့နေများကောင်စီ က ရှေ့နေတွေနဲ့ လိပ်ကျွန်းအရေး လုပ်ဆောင်နေတဲ့သူတွေက မြန်မာလူငယ် ၂ ဦးကို မိသားစုဝင်တွေနဲ့ အတူထောင်ဝင်စာ သွားရောက်တွေ့ဆုံခဲ့ပါတယ်။ သူတို့ တွေဟာ အကျဉ်းထောင်ထဲမှာ နွေးထွေးတဲ့ ဆက်ဆံမူတွေ ရရှိတယ်လို့ လူငယ်၂ ဦးကပြောဆိုခဲ့တယ်လို့ သွားရောက်တွေ့ဆုံအားပေး ခဲ့သူတွေကဆိုပါတယ်။

ပြီးခဲ့တဲ့နှစ် စက်တင်ဘာလက ထိုင်းနိုင်ငံက ကော့တောင်ကျွန်း လို့ခေါ်တဲ့ လိပ်ကျွန်းမှာ ဗြိတိသျှ ကမ္ဘာလှည့်ခရီးသည်နှစ်ဦး အသတ်ခံခဲ့ရပြီးတဲ့နောက် သီတင်းနှစ်ပတ်အကြာမှာတော့ လိပ်ကျွန်းပေါ်က စားသောက်ဆိုင်တခုမှာ အလုပ်လုပ်နေတဲ့ ကိုဇော်လင်းနဲ့ ကိုဝင်းဇော်ထွန်းတို့ကို ဖမ်းဆီးခဲ့တာပါ။

သူတို့အမူကို အထက်တရားရုံးတွေမှာ အယူခံဆက်ပြီး သူတို့လွတ်မြောက်ရေးအတွက် ဆက်လက်လုပ်ဆောင်သွားဖို့ရှိသလို ထိုင်းနိုင်ငံမှာတော့ ၂၀၀၉ ခုနှစ်စပြီး သေဒဏ်ချခံသူ အားလုံးကို သေဒဏ်ပေးတာမျိုးတွေတော့ မရှိတော့ပါဘူး။

တဆက်တည်းမှာပဲ-ထိုင်းနိုင်ငံ တရားရုံးကနေ သေဒဏ် ချမှတ်ခံထားတဲ့ မြန်မာ အလုပ်သမား နှစ်ဦး အရေးနဲ့ပတ်သက်လို့ ထိုင်းမြန်မာနယ်စပ် ဘုရားသုံးဆူမြို့မှာ ဒီကနေ့ မနက်ပိုင်းက မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ ဦးဆောင်ပြီးတော့ အမှုကို အမှန်တရားနဲ့အညီ ပြန်လည် သုံးသပ်ပေးဖို့ ဆန္ဒပြခဲ့ကြပါတယ်။ အလားတူ မလေးရှားနိုင်ငံမှာ ဒီကနေ့ ပြုလုပ်တဲ့ ဆန္ဒ ပြပွဲမှာတော့ ဦးဆောင် ဆန္ဒပြသူ နှစ်ဦးကို မလေးရှား အာဏာပိုင်တွေက ဖမ်းဆီးသွားခဲ့တယ်လို့ ဆန္ဒပြသူတွေ က ပြောပါတယ်။ ဒီအခြေအနေတွေကိုတော့ ဗွီအိုအေထိုင်းအခြေစိုက် သတင်းထောက် နိုင်ကွန်းအိန်က သတင်း ပေးပို့ထားတဲ့သတင်းအပြည့်အစုံကို အသံဖိုင်မှာလည်း အသေးစိတ် နားဆင်နိုင်ပါတယ်။

တိုက်ရိုက် လင့်ခ်

သေဒဏ် ချမှတ်ခံထားတဲ့ မြန်မာအလုပ်သမား နှစ်ဦးအတွက် အမှန်တရားကိုဖော်ထုတ်ပေးဖို့ ထိုင်း မြန်မာနယ်စပ် ဘုရားသုံးဆူမြို့မှာ အလုပ်လုပ်ကိုင်နေတဲ့ အလုပ်သမားပေါင်း ၁,၅၀၀ ခန့်က ထိုင်းအာဏာပိုင်တွေကိုတောင်းဆိုခဲ့ကြတယ်လို့ အထည်ချုပ်စက်ရုံက ဆန္ဒပြခေါင်းဆောင်တဦးဖြစ်သူ မပြည့်ဖြိုးစံက ပြောပါတယ်။

ဒီဆန္ဒဖော်ထုတ်ပွဲကို ဘုရားသုံးဆူမြို့ မြန်မာဘက်ခြမ်း နယ်စပ်ဂိတ်မှာ ဆန္ဒဖော်ထုတ်ခဲ့ကြတာပါ။

အလုပ်သမားတွေရဲ့ ဆန္ဒဖော်ထုတ်နေရာမှာ မြန်မာစစ်တပ်အာဏာပိုင်တွေကနေ လုံခြုံရေးတာဝန်ယူခဲ့သလို ထိုင်းဖက် ခြမ်းမှာလဲ ဒေသခံထိုင်းအာဏာပိုင်တွေကနေ အခြေအနေကိုစောင့်ကြည့်နေခဲ့ကြပါတယ်။

ထိုင်းမြန်မာနယ်စပ် ဘုရားသုံးဆူမြို့မှာ ထိုင်းနိုင်ငံဘက်ခြမ်းက အထည်ချုပ်စက်ရုံ၊ ဖိနပ်စက်ရုံ၊ ဖယောင်းတိုင်စက်ရုံ၊ ဖုန်းတပ်ဆင်ရေး အလုပ်ရုံ၊ ဂက်စ်မီးခြစ်စက်ရုံနဲ့ ဆံပင်တုအလုပ်ရုံတွေမှာ မြန်မာအလုပ်သမား ၇၀၀၀ ကျော် အလုပ် လုပ်ကိုင်နေပါတယ်။

ဆန္ဒဖော်ထုတ်ပွဲမှာပါဝင်ခဲ့တဲ့ ရဟန်းပျိုအဖွဲ့က သံဃာတော်အရှင်ဥက္ကံသကတော့ အမှုမှန်ဖော်ထုတ်ရေးအတွက် ထိုင်းဘုရင်မင်းမြတ်ကိုလည်း ဆက်လက်တောင်းဆိုသွားမယ်လို့ မိန့်ကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ စနေနေ့တုန်းကလည်း ဘုရားသုံးဆူမြို့မှာ မြန်မာအလုပ်သမားတွေ စုပေါင်းပြီး အလားတူ ဆန္ဒပြခဲ့ကြပါသေးတယ်။

ဆန္ဒဖော်ထုတ်ပွဲပြုလုပ်ခဲ့တဲ့ ဒီဇင်ဘာ (၂၆) ရက်နေ့ကနေ ဒီကနေ့ အထိ နယ်စပ်ဂိတ်တွေ ပိတ်ပင်ထားခဲ့သလို နယ်စပ် သွားလာရေးမှာလည်း ထိုင်းအာဏာပိုင်တွေကနေ စိစစ်မှုတွေ ပိုမိုများပြားလာခဲ့ပါတယ်။

အလားတူ သေဒဏ်ချမှတ်ခံထားတဲ့ မြန်မာအလုပ်သမား နှစ်ဦးအတွက် အမှန်တရားကိုဖော်ထုတ်ပေးဖို့ မလေးရှားနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားတွေကနေ ဒီကနေ့မနက် မလေးရှားနိုင်ငံ ထိုင်းသံရုံးအရှေ့မှာ ဆန္ဒဖော်ထုတ်ပွဲကျင်းပခဲ့ရာမှာ ဆန္ဒဖော်ထုတ်ပွဲကို ဦးဆောင်ခဲ့သူ နှစ်ဦးကို မလေးရှားရဲတွေကနေ ဖမ်းဆီးသွားခဲ့တယ်လို့ ဆန္ဒပြပွဲမှာပါဝင်သူ နိုင်ဝင်းမွန်က ပြောပါတယ်။

ဆန္ဒဖော်ထုတ်ပွဲ ဦးဆောင်စီစဉ်သူနှစ်ဦးဖြစ်တဲ့ ကိုချစ်ကောင်း (ရွေ့ပြောင်းအလုပ်သမားများ ကူညီရေးအဖွဲ့) နှင့် ကိုစန်းဝင်း (ကပုန်းနာရေးကူညီမှုအသင်းဥက္ကဋ္ဌ) တို့ ဒီကနေ့ ဆန္ဒပြပွဲအပြီး မလေးရှား အာဏာပိုင်တွေကနေ ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ သူကဆိုပါတယ်။

ဗြိတိန်နိုင်ငံသား နှစ်ဦးကို သတ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမား နှစ်ဦးဖြစ်တဲ့ မောင်ဇော်လင်းနဲ့ မောင်ဝင်းဇော်ထွန်း တို့နှစ်ဦးကို ထိုင်းနိုင်ငံ ကော့စမွေ တရားရုံးကနေ ဒီဇင်ဘာလ (၂၄) ရက်နေ့ မှာ သေဒဏ် စီရင်ချက်ချခဲ့အပြီးမှာ မြန်မာနိုင်ငံတွင်းမှာရော အိမ်နီးချင်းနိုင်ငံတချို့မှာပါ အမှန်တရားကို ဖော်ထုတ်ပြီး အမှုကိုပြန်လည်စစ်ဆေး ပေးဖို့ ဆန္ဒပြတောင်းဆိုမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေခဲ့တာပါ။

ဒီကနေ့ ရန်ကုန်မြို့ ထိုင်းနိုင်ငံသံရုံးရှေ့မှာလည်း ဒီကိစ္စအမှု မှန်ပေါ်ပေါက်ရေး အတွက် ပဉ္စမမြောက်နေ့အဖြစ် လာရောက် ဆန္ဒပြသူတချို့ ရှိခဲ့သလို၊ မြန်မာနိုင်ငံ ဆိုင်ရာ ထိုင်းသံရုံးကတော့ ဒီလို ဆန္ဒပြပွဲတွေ ရှိနေတာကြောင့် သံရုံးလုပ်ငန်းတွေကို ဒီကနေ့ကစပြီး (၃) ရက်ပိတ်ပင်သွားမယ်လို့ သံရုံးက ထုတ်ပြန်ကြေညာ ထားပါတယ်။

လူသတ်မှုကျူးလွန်သူတွေလို့ စွပ်စွဲပြီး ထိုင်းအာဏာပိုင်တွေ ဖမ်းဆီးထား တဲ့ မောင်ဇော်လင်းနဲ့ မောင်ဝင်းဇော်ထွန်းတို့ နှစ်ဦးဟာ ပြစ်မှု ကျူးလွန်ကြောင်း သက်သေ အထောက်အထား ခိုင်လုံမှုမရှိဘူးလို့ အကျိုးဆောင်ရှေ့နေတွေက ပြောဆိုထားပြီး နောက်ဆုံး စီရင်ချက်နဲ့ပတ်သက်လို့ အယူခံဝင်ဖို့ ရှိနေပါတယ်။

ထိုင်းနိုင်ငံက လိပ်ကျွန်း လူသတ်မှုနဲ့ ပတ်သက်ပြီး သေဒဏ် ချမှတ်ခံထားရ တဲ့ မြန်မာနိုင်ငံသား ၂ ဦးရဲ့ အမှုကို သက်သေအထောက်အထား ခိုင်လုံမှု ရှိ-မရှိ ပြန်လည် သုံးသပ်စစ်ဆေးပေးဖို့ မြန်မာတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်းထိုင်းအစိုးရထိပ်တန်း တာဝန်ရှိသူတွေကို ဒီဇင်ဘာ(၂၆)ရက်နေ့မှာ ပန်ကြားခဲ့ပါတယ်။

ထိုင်းနိုင်ငံဝန်ကြီးချုပ် ပရာယုချန်အိုချာ ကတော့ မြန်မာအစိုးရဘက်ကနေ အမှုကို ပြန်လည်စစ်ဆေးပေးဖို့ ပန်ကြားလာတဲ့အပေါ် ဥပဒေလမ်းကြောင်းအရ အထက်တရားရုံးမှာ အယူခံပိုင်ခွင့်ရှိပြီး ဖိအားပေးဆန္ဒပြပြီး ကွင်းလုံးကျွတ် လွှတ်ပေးဖို့ တောင်းဆိုမှုမျိုးကိုတော့ လိုက်လျောလို့ မဖြစ်နိုင်ကြောင်း ဒီကနေ့ မနက် သတင်းထောက်တွေနဲ့ တွေ့ဆုံချိန်မှာ ပြောဆိုသွားခဲ့ပါတယ်။

XS
SM
MD
LG