သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဝန်ကြီးချုပ်ဟောင်း Thaksin ပြန်လာနိုင်မယ့် ဥပဒေ ထိုင်းအောက်လွှတ်တော် အတည်ပြု


ထိုင်းဝန်ကြီးချုပ်ဟောင်း Thakson Shinawatra
ထိုင်းဝန်ကြီးချုပ်ဟောင်း Thakson Shinawatra
ထိုင်းနိုင်ငံမှာ ဆယ်စုနှစ်တခုနီးပါးကြာ ကြုံခဲ့ရတဲ့ နိုင်ငံရေး ပဋိပက္ခတွေနဲ့ ဆက်နွယ်သူတွေကို လွတ်ငြိမ်းချမ်းသာခွင့် ရနိုင်မယ့် ဥပဒေကြမ်း တခုကို အောက်လွှတ်တော်က ဒီကနေ့ သောကြာနေ့မှာပဲ အတည်ပြုလိုက်ပါတယ်။ ကိုယ်စားလှယ် ၅၀၀ ပါဝင်တဲ့ အောက်လွှတ်တော်မှာ ဥပဒေကြမ်းကို ၁၉ နာရီကြာ အချေအတင် ဆွေးနွေးပြီး အတည်ပြုခဲ့ပေမဲ့ အတိုက်အခံ ကိုယ်စားလှယ်တွေ ကတော့ မဲခွဲဆုံးဖြတ်မယ့် အစီအစဉ်ကို သပိတ်မှောက်တဲ့ အနေနဲ့ ညီလာခံကနေ ထွက်သွားခဲ့ကြတာပါ။

လွှတ်တော်မှာ ကျန်ခဲ့တဲ့ ညွန့်ပေါင်းပါတီတွေက ကိုယ်စားလှယ် ၃၁၀ ကတော့ ကန့်ကွက်မဲ့သူမရှိ ထောက်ခံမဲ ပေးခဲ့ကြပါတယ်။ အစီအစဉ်နဲ့ ပတ်သက်လို့ အချေအတင် ဖြစ်စရာတွေ ကြုံလာရတဲ့အတွက်လည်း သွေးထွက်သံယို ပဋိပက္ခတွေ တကျော့ပြန် ကြီးထွားလာမှာကို စိုးရိမ်မှုတွေ လည်း ပေါ်ပေါက်လာပါတယ်။

ဥပဒေအဖြစ် အတည်ဖြစ်လာဖို့ အတွက်ကတော့ အထက်လွှတ်တော်ရဲ့ အတည်ပြုချက် ရယူရမှာပါ။ ဒီမိုကရက်ပါတီ ဦးဆောင်တဲ့ အတိုက်အခံ အင်အားစုတွေကတော့ ဥပဒေသစ်ဟာ လက်ရှိဝန်ကြီးချုပ် Yingluck Shinawatra ရဲ့အကိုဖြစ်သူ ပြည်ပမှာ တိမ်းရှောင်နေတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း Thaksin Shinawatra ကျူးလွန်ခဲ့တဲ့ အမှုတွေကို ပယ်ဖျက်ပေးရာ ရောက်လိမ့်မယ်ဆိုပြီး ကန့်ကွက်ကြပါတယ်။

၂၀၀၈ ခုနှစ်မှာတုန်းက စစ်တပ်က ရာထူးကနေ ဖယ်ရှားခံခဲ့ရပြီးနောက် အကျင့်ပျက်ခြစားမှုနဲ့ အရေးယူထားတဲ့ ဝန်ကြီးချုပ်ဟောင်း ပြည်တော်ပြန်နိုင်အောင် လမ်းဖွင့်ပေးဖို့ ကြိုးပမ်းတဲ့ အစီအစဉ်ဖြစ်တယ်ဆိုပြီးတော့လည်း ကန့်ကွက်နေကြတာပါ။

ဥပဒေကြမ်းကို ကန့်ကွက်တဲ့အနေနဲ့ ဒီကနေ့ အစောပိုင်းမှာလည်း ဒီမိုကရက်ပါတီကို ထောက်ခံသူ လူပေါင်း ထောင်နဲ့ချီပြီး ဘန်ကောက်မြို့မှာ ဆန္ဒပြခဲ့ကြပါတယ်။
XS
SM
MD
LG