သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းရွေးကောက်ပွဲ စောစောကျင်းပနိုင်


ထိုင်းရွေးကောက်ပွဲ စောစောကျင်းပနိုင်

ထိုင်းနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းတော့မယ်ဆိုတဲ့ ကောလာဟလတွေကို မဟုတ်ပါဘူးလို့ စစ်တပ်က ငြင်းဆန်ထားပေမဲ့ ရွေးကောက်ပွဲတွေကို စောပြီး ကျင်းပမယ်ဆိုတဲ့ ပြောဆိုမှုတွေ ပိုပြီး ထွက်ပေါ်လာနေပါတယ်။

ဆွစ်ဇာလန်နိုင်ငံ ဒါဗို့စ်မှာ ကျင်းပခဲ့တဲ့ စီးပွားရေး ညီလာခံမှာတုန်းက ထိုင်းဝန်ကြီးချုပ် အဘီဆစ် ဝိတ်ချာချီဝ (Abhisit Vejjajiva) က ပြည်သူ့သဘောထား စစ်တမ်းတွေအရ သူ့ရဲ့ ဒီမိုကရက်ပါတီ ရှေ့ပြေးနေတဲ့အပေါ် ကျေနပ်တယ်လို့ ပြောခဲ့သလို လွတ်လပ် မျှတတဲ့ ရွေးကောက်ပွဲတွေကို မကြာခင် ကျင်းပဖို့ကို လိုလားပါတယ်လို့ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

တကယ်လို့သာ ဝန်ကြီးချုပ် အဘီဆစ်ရဲ့ ပါတီသာ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ရင် ဒီမိုကရက် ပါတီအတွက် နှစ်ပေါင်း ၂၀ အတွင်းမှာ ပထမဆုံး ရွေးကောက်ပွဲ အနိုင်ရတာ ဖြစ်ပါလိမ့်မယ်။

အခုက အရင် ထိုင်းအစိုးရကို တရားရုံးက ဖျက်သိမ်းလိုက်တဲ့အတွက် လွှတ်တော်ထဲမှာ မဲခွဲရွေးချယ်ပြီး ဒီမိုကရက်ပါတီ အစိုးရ တက်လာခဲ့တာ ဖြစ်ပါတယ်။

ပြင်ဆင်ထားတဲ့ ရွေးကောက်ပွဲ ဥပဒေသာ အတည်ဖြစ်သွားမယ်၊ နိုင်ငံတော် ရသုံးမှန်းခြေ ဘတ်ဂျက်ကို မတ်လမှာသာ အတည်ပြုနိုင်မယ်ဆိုရင် ရွေးကောက်ပွဲတွေလုပ်ဖို့ ပိုပြီး လမ်းရှင်းသွားလိမ့်မယ်လို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။

ဒါပေမဲ့လည်း အတိုက်အခံတွေဘက်က အယုံအကြည်မရှိ အဆိုကို လွှတ်တော်မှာသာ တင်သွင်းလာမယ် ဆိုရင်တော့ အခြေအနေတွေ ပိုပြီး ရှုပ်ထွေးသွားနိုင်ပါတယ်။

မစ္စတာ အဘီဆစ် ဝန်ကြီးချုပ် ဖြစ်လာအောင် တွန်းပို့ပေးခဲ့တဲ့ အဝါရောင် အင်္ကျီဝတ် အမျိုးသားရေး ဝါဒီတွေဘက်က အခုအခါ ဝန်ကြီးချုပ်အပေါ် ဝေဖန်မှုတွေလည်း ပိုပြီး ထွက်ပေါ်လာနေပါတယ်။

XS
SM
MD
LG