သုံးရလွယ်ကူစေသည့် Link များ

၂၀၁၁ နှောင်းပိုင်း ရွေးကောက်ပွဲ လုပ်ပေးမယ်လို့ ထိုင်းဝန်ကြီးချုပ် ကြေညာ

  • Ron Burmese

၂၀၁၁ နှောင်းပိုင်း ရွေးကောက်ပွဲ လုပ်ပေးမယ်လို့ ထိုင်းဝန်ကြီးချုပ် ကြေညာ

ထိုင်းနိုင်ငံမှာ ဒီနှစ် နှစ်လယ်ပိုင်း ရွေးကောက်ပွဲ ကျင်းပနိုင်တယ်လို့ ၀န်ကြီးချုပ်က ပြောလိုက်ပါတယ်။ ရွေးကောက်ပွဲဟာ မတည်ငြိမ်လှသေးတဲ့ ထိုင်းနိုင်ငံရဲ့ ဒီမိုကရေစီ အစဉ်အလာကို စမ်းသပ်ချက် ဖြစ်တယ်လို့လည်း ရှုမြင်ကြတာတွေ ရှိနေပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်လို့ ဘန်ကောက်မြို့ကနေ ဗွီအိုအေ သတင်းထောက် ရွန် ကော်ဘန် (Ron Corben) သတင်းဆောင်းပါး ပေးပို့ထားတာကို ဦးတင်မောင်သန်းက တင်ပြပေးထားပါတယ်။

နှစ်လယ်ပိုင်းလောက်မှာ ရွေးကောက်ပွဲတွေ ကျင်းပဖို့ သူ ရည်ရွယ်နေပါတယ်လို့ အာဏာရ ဒီမိုကရက်ပါတီ ခေါင်းဆောင် ထိုင်းဝန်ကြီးချုပ် အဘီဆစ် ၀ိတ်ချာချီဝ (Abhisit Vejjajiva) က ပြောပါတယ်။ လွှတ်တော် ၄ နှစ်သက်တမ်းပြည့်ဖို့ ၆ လ အလိုမှာ ရွေးကောက်ပွဲ ကျင်းပမှာပါ။

မဲအရေအတွက် စုစုပေါင်းပေါ် မူတည်ပြီး အချိုးကျ ကိုယ်စားပြုမှု စနစ်အစား ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် တခုချင်းကို ကိုယ်စားပြုတဲ့စနစ် ကျင့်သုံးရေးအတွက် ဖွဲ့စည်းအုပ်ချုပ်ပုံဆိုင်ရာ ပြုပြင်ပြောင်းလဲရေး လုပ်ဖို့ တောင်းဆိုကြပြီးတဲ့နောက် အခုလို ရွေးကောက်ပွဲ ကျင်းပဖို့ ခေါ်လိုက်တာ ဖြစ်ပါတယ်။ ဒီစနစ်နဲ့ ရွေးကောက်ပွဲ ကျင်းပတဲ့အတွက် ဒီမိုကရက်ပါတီအတွက် အကဲသာလိမ့်မယ်လို့ မျှော်လင့်ထားကြတာပါ။

မဲဆန္ဒရှင်တွေက လွှတ်တော်ကိုယ်စားလှယ် ၃၇၅ ယောက်ကို တင်မြှောက်ကြမှာ ဖြစ်ပါတယ်။ နောက် ၁၂၅ ယောက်ကိုတော့ နိုင်ငံရေး ပါတီတွေက တင်မြှောက်ကြမှာပါ။ စုစုပေါင်း ပြည်သူ့လွှတ်တော်မှာ အမတ် ၅၀၀ ရှိမှာ ဖြစ်ပါတယ်။

ဖွဲ့စည်းပုံဆိုင်ရာ ပြုပြင်ပြောင်းလဲရေးတွေကို လုပ်ဖို့အတွက် မစ္စတာ အဘီဆစ်က လွှတ်တော်ကို မဖျက်သိမ်းမီမှာ လွှတ်တော်က ဥပဒေပြဋ္ဌာန်းဖို့ လိုအပ်ပါတယ်လို့ အစိုးရ ပြောရေးဆိုခွင့်ရှိသူ ပန်နိတန် ၀ပ်တနာယာဂွန် (Panitan Wattanayagorn) က ပြောပါတယ်။

“လွှတ်တော်ကို မေလမှာ ဖျက်သိမ်းဖို့အတွက် ဘုရင်ဆီကို ၀န်ကြီးချုပ်က တောင်းဆိုစာ တင်သွင်းမယ့် အစီအစဉ်ကို ၀န်ကြီးချုပ်က ချမှတ်ထားပြီး ဖြစ်ပါတယ်။ မေလ အစမှာ ဖြစ်ပါတယ်။ မေလမတိုင်မီ ကာလအတွင်းမှာ ရွေးကောက်ပွဲ ကော်မရှင်ဟာ စည်းမျဉ်း၊ စည်းကမ်းတွေနဲ့ ဥပဒေတွေ ချနိုင်ဖို့အတွက် အဓိကကျတဲ့ ဥပဒေ ၃ ရပ်ကို လွှတ်တော်ကို တင်သွင်းရမှာ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ ရွေးကောက်ပွဲရက်ကို ၄၅ ရက်ကနေ ရက်ပေါင်း ၆၀ အတွင်း ဖြစ်နိုင်မယ့် ရွေးကောက်ပွဲရက်ကို ရွေးကောက်ပွဲ ကော်မရှင်က အတူတကွ သတ်မှတ်ကြရမှာပါ။”

၂၀၀၇ ခုနှစ်က ရွေးကောက်ပွဲမှာ ၀န်ကြီးချုပ် တပ်ခ်ဆင် ရှင်နာဝပ် (Thaksin Shinawatra) နဲ့ ဆက်စပ်နေတဲ့ ပါတီတွေက အမတ်နေရာ အများစုကို ရရှိခဲ့ကြပါတယ်။ တပ်ခ်ဆင်ကို ၂၀၀၆ ခုနှစ် အာဏာသိမ်းပွဲနဲ့ ဖြုတ်ချခဲ့တာပါ။ နောက်ပိုင်းမှာ သူဟာ အကျင့်ပျက် ခြစားမှုနဲ့ တရားစွဲခံရပြီး ထောင်ဒဏ် ၂ နှစ် အချခံခဲ့ရပါတယ်။ စီရင်ချက် မချမီမှာ သူက တိုင်းပြည်က ထွက်ပြေးသွားခဲ့တာ ဖြစ်ပါတယ်။

ဘုရင်ကို လိုလားသူတွေရဲ့ ဆန္ဒပြပွဲနဲ့ တပ်ခ်ဆင်လိုလားတဲ့ အစိုးရနဲ့ ပတ်သက်ပြီး တရားရုံး ဆုံးဖြတ်ချက်တွေကြောင့် မစ္စတာ အဘီဆစ်ကို ၂၀၀၈ ဒီဇင်ဘာလမှာ ၀န်ကြီးချုပ်အဖြစ် ခန့်အပ်ခဲ့ရတာပါ။ ဒီနောက်ပိုင်းမှာတော့ မစ္စတာ အဘီဆစ် အစိုးရကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။ အစိုးရဟာ တရားဝင်မှု မရှိလို့ ဆန္ဒပြသူတွေက ဆိုကြပါတယ်။ ဘာကြောင့်လဲဆိုတော့ စစ်တပ်နဲ့ ဗျူရိုကရေစီ ကျောထောက်နောက်ခံနဲ့ တက်လာရတာကြောင့်ပါ။ အစိုးရကတော့ ဒီစွပ်စွဲချက်တွေကို ပယ်ချပါတယ်။

၂၀၀၉ နဲ့ ၂၀၁၀ တွေမှာ ဖြစ်ပွားခဲ့တဲ့ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကို တပ်ခ်ဆင်လိုလားတဲ့ ဒီမိုကရေစီအတွက် စည်းလုံးညီညွတ်သော ဒီမိုကရက်တစ် တပ်ဦးက ဦးဆောင်ခဲ့တာ ဖြစ်ပါတယ်။ ရှပ်နီဝတ်တွေလို့လည်း သိကြပါတယ်။

လွန်ခဲ့တဲ့နှစ်က ၂ လကြာ ဆန္ဒပြပွဲမှာ လူ ၉၀ ကျော် သေဆုံးခဲ့ရပြီး ရာပေါင်းများစွာ ဒဏ်ရာရခဲ့ကြပါတယ်။ အခု စနေ၊ တနင်္ဂနွေမှာ ဖြစ်ပွားခဲ့တဲ့ လူထု အစည်းအဝေးကြီးတွေက အဲဒီဆန္ဒပြပွဲ နှစ်ပတ်လည် အခမ်းအနား ဖြစ်ပါတယ်။

အကြမ်းဖက်ဝါဒ စွပ်စွဲချက်တွေနဲ့ ထောင်ထဲမှာ ၉ လ နေခဲ့ရပြီး အာမခံနဲ့ ထွက်လာတဲ့ ရှပ်နီခေါင်းဆောင် ၀မ် တိုဂျရာကန်း (Weng Tojirakarn) က ရွေးကောက်ပွဲကို ကြိုဆိုလိုက်ပါတယ်။ ဒါပေမဲ့ တကယ်လို့ ပူထိုင်းပါတီက အနိုင်ရမယ်ဆိုရင် ဒီမိုကရက်ပါတီက လက်ခံသင့်တယ်လို့ ၀မ်က ပြောပါတယ်။

“အထွေထွေ ရွေးကောက်ပွဲကို ကျနော်တို့ ကြိုဆိုပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီမိုကရေစီအတွက် ဒါဟာ အလွန်အရေးကြီးတဲ့ ခြေလှမ်းဖြစ်ပြီး လူထုရဲ့ နိုင်ငံရေး ဆုံးဖြတ်ချက် ရလဒ်တွေကို ကျနော်တို့ လေးစားရမှာပါ။ တကယ်လို့ ပူထိုင်းပါတီက အနိုင်ရခဲ့ရင် ဒီမိုကရက်ပါတီနဲ့ ဖွဲ့စည်းပုံ အပြင်က အာဏာရှိနေသူတွေ၊ ဗျူရိုကရေစီ စနစ်တွင်းက လူတွေဟာလည်း လူထုရဲ့ နိုင်ငံရေး ဆုံးဖြတ်ချက်ကို လေးစားရပါမယ်။”

ဒါပေမဲ့ ရွေးကောက်ပွဲက မတည်ငြိမ်ဘဲ အကြမ်းဖက်တာတွေ ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ သုံးသပ်သူတွေက စိုးရိမ်ကြပါတယ်။ ဒီရွေးကောက်ပွဲဟာ မကြာမီ နှစ်များအတွင်းက အကြီးအကျယ် တိုက်ခိုက် မဲဆွယ်ခဲ့ကြတဲ့ ရွေးကောက်ပွဲတွေထဲက တခုဖြစ်မှာမို့ပါ။ အကြိတ်အနယ်ရှိမယ့် ဒီရွေးကောက်ပွဲမှာ တပ်ခ်ဆင်လိုလားတဲ့ ပူထိုင်းပါတီက ရှေ့က ပြေးနေတယ်လို့ ကနဦး လေ့လာတဲ့ လူထု သဘောထား စစ်တမ်းတွေက ပြသနေပါတယ်။

XS
SM
MD
LG