သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဏာသိမ်းရေး ကောလဟာဠ ထိုင်းဗိုလ်ချုပ်ကြီး ငြင်းဆို


အာဏာသိမ်းရေး ကောလဟာဠ ထိုင်းဗိုလ်ချုပ်ကြီး ငြင်းဆို

ထိုင်းဘုရင့်တပ်မတော် အနေနဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို လေးစားလိုက်နာမှာ ဖြစ်တယ်လို့ ထိုင်းစစ်ခေါင်းဆောင်တွေက ဒီကနေ့ အခိုင်အမာ ပြောကြားလိုက်ပြီး ထိုင်းနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလုဆဲဆဲ ဖြစ်နေပြီဆိုပြီး ထွက်ပေါ်နေတဲ့ ကောလာဟလတွေကို ချေဖျက်ဖို့ ကြိုးပမ်းလိုက်ကြပါတယ်။

ဒီနေ့ပြုလုပ်တဲ့ ထိုင်းဘုရင့်တပ်မတော်ရဲ့ လပတ် အစည်းအဝေး အပြီး သတင်းစာ ရှင်းလင်းပွဲမှာ ထိုင်းဘုရင့်တပ်မတော် စစ်သေနာပတိချုပ် ဗိုလ်ချုပ်ကြီး ဆွန်ကစ်တီ ဂျာဂါ ဘာထရာ (Songkitti Jaggabatara) က စစ်အာဏာသိမ်းဖို့ လုံးဝ အကြောင်းမရှိဘူးလို့ ပြောဆို ကြေညာခဲ့ပြီး အခုလို ပြောချိန်မှာ သူနဲ့အတူ ထိုင်းဘုရင့် ကြည်း၊ ရေ၊ လေ တပ်မတော်ရဲ့ ကာကွယ်ရေး ဦးစီးချုပ်တွေပါ အတူရှိနေခဲ့ပါတယ်။

ဒီနှစ်ကုန်ပိုင်း ထိုင်းနိုင်ငံမှာ ကျင်းပမယ့် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအတွက် လှုပ်ရှားမှုတွေ အရှိန်မြင့်လာနေချိန်မှာ လွန်ခဲ့တဲ့ သီတင်းပတ် များစွာကတည်းက ထိုင်းဘုရင့် တပ်မတော်က စစ်အာဏာသိမ်းလိမ့်မယ်ဆိုတဲ့ သတင်းတွေ ပျံ့နှံ့နေခဲ့ပါတယ်။

၁၉၃၀ ခုနှစ် နောက်ပိုင်းတွေကစပြီး နှစ်ပေါင်း ၈၀ အတွင်း ထိုင်းနိုင်ငံမှာ စစ်အာဏာသိမ်းမှုတွေ ၁၈ ကြိမ် ဖြစ်ပွားခဲ့တာပါ။ နောက်ဆုံးအကြိမ်ကတော့ ၂၀၀၆ ခုနှစ်က ၀န်ကြီးချုပ် တပ်ခ်ဆင် ရှင်နာဝပ် (Thaksin Shinawatra) ရဲ့ အစိုးရကို ဖြုတ်ချခဲ့တဲ့ အာဏာသိမ်းပွဲ ဖြစ်ပါတယ်။

လာမယ့် ရွေးကောက်ပွဲမှာ ထိုင်းဘုရင့်တပ်မတော်က ဘယ်အနေအထားကမှ ပါဝင်ပတ်သက်မှာ မဟုတ်သလို ထိုင်းတပ်မတော်သားတွေဟာလည်း မဲဆန္ဒရှင်တွေ ဖြစ်ကြတာကြောင့် ဘယ်နိုင်ငံရေးပါတီ မဆို ထိုင်းမတော်ထဲက တပ်စခန်း အသီးသီးမှာ လွတ်လပ်စွာ လာရောက် မဲဆွယ်စည်းရုံးပွဲတွေ လုပ်နိုင်တယ်လို့လည်း ဗိုလ်ချုပ်ကြီး ဆွန်ကစ်တီ ဂျာဂါ ဘာထရာက ပြောခဲ့ပါတယ်။

XS
SM
MD
LG