သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းအာဏာရပါတီ ဖျက်သိမ်းရေး အစိုးရ ရှေ့နေအဖွဲ့ တောင်းဆို


ထိုင်းနိုင်ငံရဲ့ လက်ရှိ အာဏာရပါတီကို ဖျက်သိမ်းဖို့နဲ့ ပါတီခေါင်းဆောင်တွေကို နိုင်ငံရေး လုပ်ဆောင်ခွင့် ၅ နှစ် ပိတ်ပင်ဖို့အတွက် ထိုင်း ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ တရားရုံးကို အစိုးရ ရှေ့နေတွေက တောင်းဆိုလိုက်ပါတယ်။

တကယ်လို့ ဒီရှေ့နေတွေရဲ့ တောင်းဆိုမှုကို တရားရုံးက သဘောတူခဲ့ရင် လက်ရှိဝန်ကြီးချုပ် အဘီဆစ် ဝိတ်ချာချီ၀ (Abhisit Vejjajiva) ဟာ လူထုဆန္ဒပြမှုကြောင့် တရားရုံးက အာဏာရုပ်သိမ်းတာ ခံခဲ့ရတဲ့ တတိယမြောက် ဝန်ကြီးချုပ် ဖြစ်လာမှာပါ။

ဒါပေမဲ့ သူ့အရင် ဝန်ကြီးချုပ် ၂ ဦးနဲ့ ကွဲပြားတာက မစ္စတာ အဘီဆစ်ဟာ အရင် ဝန်ကြီးချုပ်ဟောင်း တပ်ခ်ဆင် ရှင်နာဝပ် (Thaksin Shinawatra) ရဲ့လူ မဟုတ်ဘဲ အတိုက်အခံ ဖြစ်နေတဲ့ အချက်ပါ။

အင်္ဂါနေ့က အစိုးရရှေ့နေတွေ တင်သွင်းတဲ့ စာမျက်နှာ ၁,၀၀၀ လောက်ပါတဲ့ စာတမ်းထဲမှာ မစ္စတာ အဘီဆစ်ရဲ့ ဒီမိုကရက်တစ်ပါတီဟာ ၂၀၀၅ ခုနှစ်မှာ ဘိလပ်မြေ ကုမ္ပဏီတခုကနေ အလှူငွေ ဘတ်သန်းပေါင်း ၂၅၀ ကျော်နဲ့ ညီတဲ့ အမေရိကန်ဒေါ်လာ ၈,၀၀၀,၀၀၀ ကို လျှို့ဝှက် တိတ်တဆိတ် ရယူခဲ့တယ်လို့ စွပ်စွဲထားပါတယ်။

ဒီမိုကရက်တစ်ပါတီကို ဖျက်သိမ်းဖို့နဲ့ ပါတီခေါင်းဆောင် လေးငါးဆယ်ကို နိုင်ငံရေးလုပ်ခွင့် ၅ နှစ် ပိတ်ပင်ဖို့လည်း ရှေ့နေတွေက တောင်းဆိုပါတယ်။

အဲဒီအချိန်က ပါတီရဲ့ ဒုတိယခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့တဲ့ မစ္စတာ အဘီဆစ်က သူဟာ တရားရုံးတော်ရဲ့ ဆုံးဖြတ်ချက်ကို လိုက်နာမယ်လို့ အင်္ဂါနေ့က ပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG