သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းအစိုးရသစ် အိမ်နီးချင်းတွေအပေါ် ခင်မင်မှု ပိုမိုပြသနိုင်


ထိုင်းအစိုးရသစ် အိမ်နီးချင်းတွေအပေါ် ခင်မင်မှု ပိုမိုပြသနိုင်
ထိုင်းအစိုးရသစ် အိမ်နီးချင်းတွေအပေါ် ခင်မင်မှု ပိုမိုပြသနိုင်

ထိုင်းနိုင်ငံမှာ ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခံထားရတဲ့ မစ်စ် ယင်လတ် ရှင်နာဝပ် (Ms.Yinluck Shinawat) ဟာ သူ့ရဲ့ ဝန်ကြီးအဖွဲ့ စာရင်းကို အမည်စာရင်း တင်သွင်းလိုက်ပြီ ဖြစ်ပါတယ်။ အများစုဟာ အကိုဖြစ်သူ ဝန်ကြီးချုပ်ဟောင်း တပ်ခ်ဆင် ရှင်နာဝပ် (Thaksin Shinawatra) နဲ့ နီးစပ်သူတွေ၊ သူ့ဝန်ကြီးအဖွဲ့မှာ ပါဖူးသူတွေ ဖြစ်တာကြောင့် မြန်မာ အပါအဝင် အိမ်နီးချင်း နိုင်ငံတွေအပေါ် ထားမယ့် နိုင်ငံခြားရေး မူဝါဒဟာ ဝန်ကြီးချုပ်ဟောင်း တပ်ခ်ဆင် ရှင်နာဝပ် လက်ထက်ကလိုပဲ စီးပွားရေးနဲ့ ကုန်သွယ်ရေးကို ဦးစားပေးတဲ့ မူဝါဒ ဖြစ်လာလိမ့်မယ်လို့ အကဲဖြတ်တွေက ယူဆထားပါတယ်။ အပြည့်အစုံကို ကိုသားညွန့်ဦးက ဆက်သွယ်မေးမြန်းပြီး တင်ပြထားပါတယ်။

အခု ဝန်ကြီးအဖွဲ့ စာရင်းထဲမှာ ပါတဲ့ နိုင်ငံခြားရေး ဝန်ကြီးအဖြစ် လျာထားခံရသူ ဆူရာပွန်း တိုဝီဂျာချိုင်ကူး (Surapon Tovijakchaikul) ဟာ နိုင်ငံခြား ဆက်ဆံရေးမှာ အတွေ့အကြုံ နည်းပါးတာကြောင့် ထိုင်းအစိုးရသစ်ရဲ့ နိုင်ငံခြားရေး မူဝါဒအပေါ် စိတ်ဝင်စားမှုတွေ ရှိနေကြပါတယ်။ ဒါပေမဲ့လည်း ထိုင်းနိုင်ငံရေး လေ့လာသူတွေကတော့ အခု အစိုးရသစ်မှာ အရင် ဝန်ကြီးချုပ်ဟောင်း တပ်ခ်ဆင် လက်ထက်က အစိုးရ အဖွဲ့ဝင်တွေ ပြန်ပါလာတာကြောင့် ထိုင်းအစိုးရသစ်ရဲ့ မူဝါဒဟာ တပ်ခ်ဆင်အစိုးရတုန်းက မူဝါဒမျိုးအတိုင်း ဖြစ်လာလိမ့်မယ်လို့ ယူဆကြပါတယ်။

အခုလက်ရှိ ဒီမိုကရက် အစိုးရလက်ထက် ဆက်ဆံရေး အဖုအထစ်တွေ ရှိခဲ့တဲ့ အိမ်နီးချင်း မြန်မာနဲ့ ကမ္ဘောဒီးယား နိုင်ငံတွေနဲ့ ဆက်ဆံရေးမှာ ပိုပြီး ပြေပြစ်လာနိုင်တယ်လို့ ထိုင်း နေရှင်းသတင်းစာ အယ်ဒီတာ ကဝီက ပြောပါတယ်။

“အရင်အစိုးရနဲ့ စာရင်တော့ နိုင်ငံခြားရေး မူဝါဒဟာ အနည်းငယ် ပြောင်းလာလိမ့်မယ် ထင်ပါတယ်။ အရင်အစိုးရနဲ့ ဆက်ဆံရေး ခက်ခဲခဲ့ရတဲ့ မြန်မာအစိုးရ၊ ကမ္ဘောဒီးယား အစိုးရတို့နဲ့ ပိုပြီး ရင်းရင်းနှီးနှီး ဆက်ဆံလာလိမ့်မယ်လို့ ယူဆပါတယ်။ နှစ်နိုင်ငံကြား ရှိနေတဲ့ နယ်စပ်ပြဿနာမျိုးတွေတော့ လွယ်လွယ်ကူကူ ရှင်းနိုင်ဦးမှာ မဟုတ်ပေမဲ့လို့ အပေါ်ယံပိုင်းမှာတော့ နှစ်နိုင်ငံကြား ဆက်ဆံရေးတွေ ပိုကောင်းလာနိုင်ပါတယ်။”

အထူးသဖြင့်တော့ အိမ်နီးချင်း နိုင်ငံတွေနဲ့ စီးပွားရေးနဲ့ ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုတွေကို အစိုးရသစ် အနေနဲ့ ပိုမို အလေးထားလိမ့်မယ်လို့ ကဝီက ယူဆပါတယ်။ တဘက်မှာ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီးတော့ အစိုးရသစ် အနေနဲ့ သိပ်ပြီး ဆောင်ရွက်နိုင်မှာ မဟုတ်ဘူးလို့ အယ်ဒီတာချုပ် ကဝီက ယူဆပါတယ်။

“သတင်းမီဒီယာတွေကို ပိုပြီး ထိန်းချုပ်လာနိုင်ပါတယ်။ လူထုအခြေပြု လူ့အဖွဲ့အစည်းတွေနဲ့ ဆက်ဆံရေးမှာ အရင်လို မဟုတ်ဘဲ ခပ်တန်းတန်း ဖြစ်လာနိုင်ပါတယ်။ အရင် ထိုင်းရတ်ထိုင်း ပါတီရဲ့ တပ်ခ်ဆင် ရှင်နာဝပ် အစိုးရ လက်ထက်တုန်းက မူဝါဒတွေ အတိုင်းပဲ ရှိပါလိမ့်မယ်။ ဒါကြောင့် ယင်လတ်အစိုးရ အနေနဲ့ လူ့အခွင့်အရေးတို့၊ လူထုအခြေပြု လူ့အဖွဲ့အစည်းဆိုင်ရာ ကိစ္စရပ်တွေ သိပ်ပြီး လုပ်နိုင်လိမ့်မယ်လို့ မယူဆပါဘူး။”

ယင်လတ် ရှင်နာဝပ်ရဲ့ အစိုးရအဖွဲ့ဝင် စာရင်းတွေအရ ဆိုရင်တော့ အစိုးရသစ် မူဝါဒဟာ အကိုဖြစ်သူ တပ်ခ်ဆင် ရှင်နာဝပ် အစိုးရ ပုံစံမျိုး ဖြစ်လာမယ်လို့ ထိုင်းနိုင်ငံ ဇင်းမယ်အခြေစိုက် ဧရာဝတီမဂ္ဂဇင်း အယ်ဒီတာ ကိုအောင်ဇော်ကလည်း ယူဆပါတယ်။ ဒီအတွက် ထိုင်းမှာရှိနေတဲ့ မြန်မာအတိုက်အခံတွေ၊ မြန်မာလူမျိုးတွေအတွက် တစုံတရာ ထိခိုက် သက်ရောက်မှုတွေ ရှိလာနိုင်တယ်လို့ သူက ပြောပါတယ်။

“သူတို့တွေ မြန်မာပြည်နဲ့ ပတ်သက်ပြီးတော့ သိတာ အလွန်နည်းတာ တွေ့ရတယ်။ ဒါပေမဲ့ တခုထူးခြားတာ ဒေါ်အောင်ဆန်းစုကြည်က ယင်လတ် ရွေးကောက်ပွဲမှာ နိုင်တဲ့ ကိစ္စကို ကြိုဆိုဂုဏ်ပြုတယ် ဆိုတာကို သူတို့က အသိအမှတ်ပြုတယ်၊ သဘောကျတယ်။ ဒေါ်အောင်ဆန်းစုကြည်တို့ အထဲက အတိုက်အခံတွေ ဘာလုပ်နေတယ် ဆိုတာကိုလည်း ကျနော့်ကို မေးတယ်။ အဲဒါမျိုးလေးတွေတော့ သူတို့ ရှိတယ်။

“ဒါပေမဲ့ ထိုင်းပေါ်လစီ ပြန်ကြည့်တဲ့အခါ ၁၉၈၈ ခုနှစ်ကနေ စပြီးတော့ ထိုင်းပေါ်လစီက Constructive Engagement ခေါ်တဲ့ အပြုသဘော ဆက်ဆံရေးကို သွားတာများတယ်။ ဒါ့အပြင် Trade တွေ၊ Investment တွေနဲ့ ပိုပြီးတော့ အားပေးတာကို တွေ့ရတယ်။”

ဒါပေမဲ့ အမျိုးသမီး ဝန်ကြီးချုပ်ဆိုတော့ အမျိုးသမီး ခေါင်းဆောင်တဦး အနေနဲ့ လက်ရှိ အိမ်နီးချင်း နိုင်ငံမှာကလည်း အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း အမျိုးသမီးဆိုတော့ ဒါကရော တစုံတရာ Sympathy ဆိုတဲ့ သဘောမျိုး ဖြစ်မလာနိုင်ဘူးလား။

“ဖြစ်တော့ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ တကယ့်တကယ် ယင်လတ်က အမျိုးသမီး ဆိုသော်လည်းပဲ၊ နိုင်ငံရေးသမားတယောက် အနေနဲ့၊ အရင်ကတည်းကိုက သူက စီးပွားရေးသမားတယောက် အနေနဲ့ တကယ့်တကယ် Leadership Role ကျရင်တော့ သူက အမျိုးသမီးလို စဉ်းစားမယ်လို့ ကျနော် လုံးဝမထင်ဘူး။”

ယင်လတ်ရဲ့ အကိုဖြစ်သူ ဝန်ကြီးချုပ်ဟောင်း တပ်ခ်ဆင် ရှင်နာဝပ် လက်ထက်မှာတော့ ထိုင်းနိုင်ငံဟာ မြန်မာစစ်အစိုးရနဲ့ စီးပွားရေးအရ နီးနီးကပ်ကပ် ဆက်ဆံခဲ့တာပါ။ တဘက်မှာ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီရေးအပေါ် ထားတဲ့ ပြည်တွင်းရော နိုင်ငံခြားရေး မူဝါဒနဲ့ ပတ်သက်လို့ပါ သက်ဆင်အစိုးရ အနေနဲ့ အတော်လေး ဝေဖန်ခံခဲ့ရဖူးပါတယ်။

အခု အရွေးချယ်ခံ ဝန်ကြီးချုပ် ယင်လတ်က နိုင်ငံခြားရေး ဝန်ကြီးအဖြစ် အမည်စာရင်း တင်သွင်းထားတဲ့ ဆူရာပွန်းဟာ အမေရိကန် ပြည်ထောင်စု Akron တက္ကသိုလ်ကနေ အင်ဂျင်နီယာနဲ့ ဒေါက်တာဘွဲ့ ရခဲ့သူ ဖြစ်ပါတယ်။ တချိန်တုန်းက သူဟာ ဒီမိုကရက်ပါတီက နိုင်ငံရေးသမားတဦး ဖြစ်ခဲ့ပေမဲ့ နောက်ပိုင်း တပ်ခ်ဆင် လက်ထက်မှာ ထိုင်းရတ်ထိုင်း ပါတီကို ဘက်ပြောင်းလာသူပါ။ နိုင်ငံခြားရေး အတွေ့အကြုံ မရှိပေမဲ့ လွှတ်တော်ရဲ့ ငွေကြေးဆိုင်ရာ ကော်မတီမှာ ကော်မတီ ဥက္ကဋ္ဌအဖြစ် အချိန်အတော်ကြာ တာဝန်ထမ်းခဲ့ဖူးသူ ဖြစ်ပါတယ်။

XS
SM
MD
LG