သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းယာယီဝန်ကြီးချုပ်ခန့်အပ်


ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Niwatthamrong Boonsongphaisan
ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Niwatthamrong Boonsongphaisan
ထိုင်းဝန်ကြီးချုပ် Yingluck Shinawatra နဲ့ ဝန်ကြီးအတော်များများကို ဖွဲ့စည်းပုံဆိုင်ရာ ခုံရုံးက ရာထူးကဆင်းခိုင်းလိုက်ပြီးနောက်မှာ တက်လာတဲ့ အိမ်စောင့်အစိုးရက ယာယီဝန်ကြီးချုပ်ကို ခန့်လိုက်ပြီ ဖြစ်ပါတယ်။ ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Niwatthamrong Boonsongpaisan ကို ယာယီဝန်ကြီးချုပ်အဖြစ် ခန့်အပ်လိုက်တာ ဖြစ်ပါတယ်။

ဝန်ကြီးချုပ် Yingluck အနေနဲ့ ၂၀၁၁ ခုနှစ်တုန်းက အမျိုးသားလုံခြုံရေးအကြီးအကဲ ရာထူးကို ကိုယ့်ကိုယ်ကိုယ် ခန့်အပ်ခဲ့မှုနဲ့ ဆက်စပ်ပြီး ဖွဲ့စည်းပုံဆိုင်ရာ ခုံရုံးက ဗုဒ္ဓဟူးနေ့မှာပဲ ဝန်ကြီးချုပ်ကို ရာထူးက ဆင်းခိုင်းလိုက်တာ ဖြစ်ပါတယ်။ အဲဒီလို ကိုယ့်ကိုယ်ကိုယ် ရာထူးခန့်ထားမှုဟာ ဖွဲ့စည်းပုံနဲ့ ကိုက်ညီခြင်းမရှိတဲ့အပြင် ကိုယ်ကျိုးအတွက် လုပ်ဆောင်ခဲ့ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး ဝန်ကြီးချုပ်လည်းဖြစ်တဲ့ Yingluck Shinawatra ကို ရာထူးက ဖြုတ်ချတဲ့ တရားရုံး အမိန့်ကြေညာချက်ကိုတော့ တရားသူကြီး Jaroon Intachan က ဖတ်ကြားခဲ့တာပါ။

အစဉ်အလာရ ထိုင်းနိုင်ငံမှာ ဝန်ကြီးချုပ်ကို အောက်လွှတ်တော်က ရွေးချယ်ပေးလေ့ ရှိပါတယ်။ ဒါပေမဲ့ တိုင်းပြည်အတွင်း ရင်ဆိုင်နေရတဲ့ နိုင်ငံရေးအကျပ်အတည်းတွေကို ဖြေရှင်းဖို့ ကြိုးစားတဲ့အနေနဲ့ ဝန်ကြီးချုပ်က လွှတ်တော်ကို ပြီးခဲ့နှစ်အတွင်း ဖျက်သိမ်းခဲ့ပြီး ဖြစ်ပါတယ်။

ဝန်ကြီးချုပ်ကတော့ သူမအနေနဲ့ အမှားအယွင်း ကျူးလွန်ခဲ့ခြင်း မရှိကြောင်းပြောဆိုပြီး သူမကို ထောက်ခံသူတွေကလည်း ဒါဟာ နိုင်ငံရေးအရ လုပ်ဆောင်ခြင်းဖြစ်ကြောင်း ပြောဆိုပြီး ကန့်ကွက် ဆန္ဒပြကြဖို့ ပြင်ဆင်နေပါတယ်။

အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရအမျိုးသမီး Jen Psaki ကတော့ နိုင်ငံရေးပြဿနာကို ငြိမ်းချမ်းစွာ ဖြေရှင်းကြဖို့နဲ့ အကြမ်းဖက်တဲ့နည်းဟာ ဘယ်လိုမှ လက်ခံနိုင်စရာ မရှိကြောင်း ပြောပါတယ်။ ထိုင်းနိုင်ငံရဲ့ပြဿနာကို ဖြေရှင်းမယ်ဆိုရင် အစိုးရသစ် တက်လာနိုင်မယ့် ရွေးကောက်ပွဲအသစ် ကျင်းပပေးတာ ပါဝင်သင့်တယ်လို့ ပြောပါတယ်။
XS
SM
MD
LG