သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘောဒီးယားနဲ့ နယ်စပ်ပြဿနာ ကိုင်တွယ်ဖို့ ထိုင်းဆန္ဒပြသူတွေ တောင်းဆို


ကမ္ဘောဒီးယားနဲ့ နယ်စပ်ပြဿနာ ကိုင်တွယ်ဖို့ ထိုင်းဆန္ဒပြသူတွေ တောင်းဆို

ထိုင်း၊ ကမ္ဘောဒီးယား နယ်နိမိတ် အငြင်းပွားမှုကို ထိုင်းအစိုးရက အခုထက်ပိုပြီး ပြတ်ပြတ်သားသား ကိုင်တွယ်ဆောင်ရွက်ရေး ဆိုတဲ့ ကြွေးကြော်သံအောက်မှာ အင်္ကျီအ၀ါဝတ် သို့မဟုတ် ပြည်သူ့ဒီမိုကရေစီ မဟာမိတ်များ (PAD) အဖွဲ့ဝင် ၃,၀၀၀ ကျော်က ဒီကနေ့ ဘန်ကောက်မြို့တော်မှာ ဆန္ဒပြနေကြပါတယ်။

အစိုးရအဖွဲ့ရုံးနားက Ratchadamnoen-nok လမ်းမကြီးဟာ ဆန္ဒပြသူတွေနဲ့ ပိတ်ဆို့သွားခဲ့ပါတယ်။ Mkhawan လမ်းဆုံမှာတော့ အင်္ကျီအ၀ါဝတ် PAD အဖွဲ့ ထိပ်တန်းခေါင်းဆောင်တွေက လူထုစည်းဝေးပွဲတရပ် ပြုလုပ်ကြပြီး PAD ခေါင်းဆောင် Pipop Thongchai က ထိုင်း၊ ကမ္ဘောဒီးယား နယ်နိမိတ် အငြင်းပွားမှု ခေါင်းစဉ်အောက်မှာ အဓိက ဟောပြောခဲ့ပါတယ်။

ကုလသမဂ္ဂ UNESCO အဖွဲ့ကြီးရဲ့ ကမ္ဘာ့အမွေအနှစ်များ ထိန်းသိမ်းရေး ကော်မတီက ထိုင်း၊ ကမ္ဘောဒီးယား နယ်နိမိတ် အငြင်းပွားနေတဲ့ နယ်မြေပေါ်က ၁၆ ရာစုကတည်းက တည်ရှိခဲ့တဲ့ ဖရားဝိဟာရ ဟိန္ဒူဘုရားကျောင်းရဲ့ ပရ၀ုဏ်မြေကို ကမ္ဘောဒီးယားပိုင်အဖြစ် သတ်မှတ်ထားပါတယ်။

ဒီလိုသတ်မှတ်မှုကို ၂၀၀၀ ခုနှစ်မှာ ထိုင်း၊ ကမ္ဘောဒီးယား အာဏာပိုင်တွေက နှစ်နိုင်ငံ နားလည်မှု စာချွန်မှာ လက်မှတ်ရေးထိုး အသိအမှတ် ပြုထားတာကို ၀န်ကြီးချုပ် အဘီဆစ် ၀ိတ်ချာချီဝ (Abhisit Vejjajiva) ရဲ့ ထိုင်းအစိုးရက ပြန်လည်ရုပ်သိမ်းရေး၊ နှစ်နိုင်ငံ အငြင်းပွားနေတဲ့ နယ်မြေပေါ်က ကမ္ဘောဒီးယား နိုင်ငံသားတွေကို နှင်ထုတ်ပေးရေးတို့ကို အင်္ကျီအ၀ါဝတ် PAD အဖွဲ့က ထိုင်းအစိုးရကို တောင်းဆိုနေပါတယ်။

သူတို့ရဲ့ တောင်းဆိုချက်တွေကို ထိုင်းအစိုးရက အကောင်အထည် မဖော်မချင်း သူတို့ရဲ့ ဆန္ဒပြပွဲတွေကို ရပ်မှာမဟုတ်ဘူးလို့ PAD ခေါင်းဆောင်တဦးဖြစ်တဲ့ Jamrong Srimuang က ပြောပါတယ်။

အင်္ကျီအ၀ါဝတ် PAD အဖွဲ့ရဲ့ ဆန္ဒပြပွဲကို တန်ပြန် ဆန္ဒပြမယ်လို့ အစိုးရ ဆန့်ကျင်ရေး အင်္ကျီအနီဝတ် အဖွဲ့က ကြေညာထားတာကြောင့် လုံခြုံရေး ရဲတပ်ဖွဲ့ဝင် ၄,၀၀၀ နီးပါးက ဘန်ကောက်မြို့ရဲ့ အချက်အချာ နေရာတွေမှာ နေရာယူထားကြပါတယ်။

တနင်္လာနေ့ညကတော့ အင်္ကျီအ၀ါဝတ်တွေရဲ့ လူထုစည်းဝေးပွဲ လုပ်မယ့်နေရာမှာ ဗုံးတလုံး တပ်ဆင်နေသူတဦးကို ဖမ်းမိခဲ့ပြီး နောက်ထပ် ၄ ဦးကို ရော့ကက်လောင်ချာတွေ၊ ဗုံးသီးတွေနဲ့အတူ အိမ်တအိမ်မှာ အာဏာပိုင်တွေက ဖမ်းဆီးခဲ့ကြပါတယ်။

XS
SM
MD
LG