ဒီလနှောင်းပိုင်းမှာ ကျရောက်မယ့် ထိုင်းနိုင်ငံ စစ်တပ်အာဏာသိမ်း နှစ်ပတ်လည် အချိန်ကာလမတိုင်ခင်မှာ အစိုးရဆန့်ကျင်ရေး အုပ်စုတွေက အကြမ်းဖက်မှုတွေ လုပ်လာနိုင်တယ်လို့ ထိုင်းဝန်ကြီးချုပ် အဘီဆစ် ၀တ်ချာချီဝက ပြောလိုက်ပါတယ်။
ဘန်ကောက်မြို့တော်မှာ မပေါက်ကွဲသေးတဲ့ ဗုံးသုံးလုံးကို ဒီသီတင်းပတ်အတွင်း ရဲတပ်ဖွဲ့က သိမ်းဆည်း လိုက်နိုင်ပြီးတဲ့နောက် ၀န်ကြီးချုပ်ရဲ့ သတိပေးချက် ထွက်လာတာပါ။ ဘန်ကောက်မှာ တိုက်ခိုက်မှုတွေ၊ တိုက်ခိုက်ဖို့ကြိုးစားတာတွေ ဖြစ်ခဲ့ပြီးတဲ့နောက် ပိုင်း အခုလို ဗုံးတွေ သိမ်းမိလိုက်တာဖြစ်ပါတယ်။
အကြမ်းဖက်မှု ဖြစ်လာနိုင်တဲ့ အန္တရာယ်ဟာ အတော့်ကို ပြင်းထန်တယ်လို့ မစ္စတာအဘီဆစ်ရဲ့ ဒီမိုကရက်ပါတီ ထိပ်တန်း ခေါင်းဆောင်တဦး ဖြစ်တဲ့ ကီယက် ဆစ်ထီးအာမောန် (Kiat Sittheeamorn) က ပြောပါတယ်။
ဒါပေမဲ့ အရေးပေါ် အခြေအနေ ဆက်ပြီး ကြေညာထားဖို့ လိုအပ် မလိုအပ် ဆိုတဲ့အပေါ်မှာတော့ လူ့အခွင့်အရေး စောင့်ကြည့် လေ့လာရေးအဖွဲ့ရဲ့ ထိုင်းနိုင်ငံကိုယ်စားလှယ် ဆူနိုင်း ဖာဆွတ်ခ်က မေးခွန်းထုတ်ပါတယ်။ ခြိမ်းခြောက်မှုဟာ အစစ်အမှန် ဖြစ်ပုံရပေမဲ့ ထိုင်းနိုင်ငံ ရှင်သန်မှုကို ထိခိုက်ရလောက်တဲ့ထိတော့ မဟုတ်ဘူးလို့ သူကပြောပါတယ်။
လွန်ခဲ့တဲ့နှစ်လအတွင်း ဘန်ကောက်မြို့တော်မှာ တိုက်ခိုက်မှုလေးတွေ ဆက်တိုက်လို ဖြစ်ခဲ့ပြီးတဲ့နောက် လက်လုပ်ဗုံးတွေကို ကြာသပတေးနေ့က သိမ်းမိခဲ့တာဖြစ်ပါတယ်။