ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ စနေနေ့က စစ်တပ်နဲ့ ဆန္ဒပြသူတွေကြား တတိယမြောက် နေ့အဖြစ် တိုက်ခိုက်မှုတွေ ဆက်ဖြစ်ခဲ့ပြီး မြို့လယ်ခေါင်ကလမ်းတွေပေါ်မှာ လူသုံးဦး ထပ်ပြီး သေဆုံးခဲ့ရပါတယ်။
မြို့လယ်ခေါင်က အင်္ကျီနီဝတ် ဆန္ဒပြသူတွေရဲ့စခန်းကို လုံခြုံရေးတပ်တွေက ပိတ်ဆို့ဖို့ ကြိုးစား နေခဲ့သလို တနေ့လုံးလဲ မြို့အနှံ့အပြားမှာ ပေါက်ကွဲသံတွေ၊ သေနတ်သံတွေ ကြိုကြား ကြိုကြား ကြားခဲ့ရပါတယ်။ အပစ်အခတ်နယ်မြေ ဖြစ်တယ်ဆိုပြီးတော့ လုံခြုံရေးတပ်တွေက သတိပေး ဆိုင်းဘုတ် တပ်ထားတဲ့နေရာ၊ ဆန္ဒပြသူတွေစခန်းရဲ့ မြောက်ဘက်လေးမှာတင် သေနတ် ဒဏ်ရာနဲ့ လူသေအလောင်း ၃ လောင်းကို သယ်ဆောင်သွားတာ မျက်မြင်တွေ့လိုက်ကြရ ပါတယ်။
ကြာသပတေးနေ့မှာ ပစ်ခတ်မှုတွေ စတင်ဖြစ်ပွားကတည်းကဆိုရင် လူပေါင်း ၂၂ ဦး သေဆုံးပြီး ၁၄၁ ဦးမက ဒဏ်ရာတွေ ရသွားကြပါတယ်။ ဒဏ်ရာရသူတွေထဲမှာ နိုင်ငံခြားသား သတင်း ထောက်တွေလည်း အများအပြား ပါဝင်ပါတယ်။ အခြေအနေက ပြည်တွင်းစစ်လို ဖြစ်လာပြီလို့ အင်္ကျီနီဝတ် ဆန္ဒပြသူတွေရဲ့ အဓိကခေါင်းဆောင် ဂျက်ဒူပွန် ပရွန်ပန် (Jatuporn Prompan) က ဒီနေ့ စနေနေ့မှာ ပြောသွားပါတယ်။