ဒီနှစ်ဆန်းပိုင်းမှာ ထိုင်းလုံခြုံရေး တပ်ဖွဲ့တွေက အကြမ်းဖက် နှိမ်နင်းခဲ့တာကြောင့် လူအသေအပျောက်တွေ ဖြစ်ခဲ့ရတဲ့ ဆန္ဒပြပွဲတွေကို အမှတ်ရတဲ့ အနေနဲ့ ထောင်ပေါင်းများစွာသော အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသူတွေက ဒီနေ့ ဘန်ကောက်မြို့တော်မှာ စီတန်းလှည့်လည် ဆန္ဒပြခဲ့ကြပါတယ်။
အင်္ကျီအနီတွေ ၀တ်ဆင်ထားကြတဲ့ ဆန္ဒပြသူ ၆,၀၀၀ လောက်ဟာ ဒီမိုကရေစီကျောက်တိုင် ရှိရာကို ချီတက် ဆန္ဒပြခဲ့ကြပြီး လွန်ခဲ့တဲ့ ၆ လက ဒီနေရာတ၀ိုက်မှာ သေဆုံးသွားခဲ့တဲ့ ဆန္ဒပြ အင်္ကျီအနီဝတ်တွေရဲ့ ဓာတ်ပုံတွေ၊ ပန်းစည်းတွေကို ကျောက်တိုင် အနီးတ၀ိုက်မှာ ထားရှိကြပါတယ်။
ဧပြီလ ၁၀ ရက်နေ့က စတင်ခဲ့တဲ့ အင်္ကျီအနီဝတ်တွေရဲ့ အစိုးရ ဆန္ဒပြပွဲတွေဟာ မေလအလယ်ထိ ရက်သတ္တပတ် ၆ ပတ် ကြာမြင့်ခဲ့ပါတယ်။
မတ်လအလယ်မှာ ဆန္ဒပြပွဲတွေ ပထမဆုံး စတင်ဖြစ်ပေါ်ခဲ့ပြီး အင်္ကျီအနီဝတ် ဆန္ဒပြသူတွေဟာ အခုအခါ ပြည်ပမှာ တိမ်းရှောင်နေတဲ့ ၀န်ကြီးချုပ်ဟောင်း တပ်ခ်ဆင် ရှင်နာဝပ် (Thaksin Shinawatra) ကို ထောက်ခံကြသူတွေ ဖြစ်ပြီး လက်ရှိ ထိုင်းအစိုးရဟာ ဒီမိုကရေစီနည်းနဲ့ တင်မြှောက်ထားတဲ့ အစိုးရ မဟုတ်တာကြောင့် နှုတ်ထွက်ပေးဖို့ အဓိကထား ဆန္ဒပြခဲ့ကြပါတယ်။ ရွေးကောက်ပွဲ အသစ်တွေ ပြုလုပ်ပေးဖို့လည်း တောင်းဆိုခဲ့ကြပါတယ်။
အဲဒီ သီတင်း ၆ ပတ် ကြာမြင့်ခဲ့တဲ့ အကြမ်းဖက် အဓိကရုဏ်းတွေအတွင်း ထိုင်းနိုင်ငံမှာ လူပေါင်း ၉၁ ဦး သေဆုံးခဲ့ရပါတယ်။ ဒီနေ့ ဘန်ကောက်မြို့တော်က ဆန္ဒပြပွဲတွေနဲ့ ပတ်သက်ပြီး အကြမ်းဖက်မှု သတင်းတွေတော့ မရရှိခဲ့ပါဘူး။