သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းဗုံးကွဲမှု နိုင်ငံတကာ အကြမ်းဖက်မှုနဲ့ မပတ်သက်


ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ဧရာဝဏ်လေးမျက်နှာ ဘုရားမှာ ဖြစ်ပွါးခဲ့တဲ့ ဗုံးခွဲတိုက်ခိုက်မှု။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ဧရာဝဏ်လေးမျက်နှာ ဘုရားမှာ ဖြစ်ပွါးခဲ့တဲ့ ဗုံးခွဲတိုက်ခိုက်မှု။

မကြာသေးခင်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ဧရာဝဏ်လေးမျက်နှာ ဘုရားမှာ ဖြစ်ပွါးခဲ့တဲ့ ဗုံးခွဲတိုက်ခိုက်မှု ကို အနည်းဆုံးလူ ၁၀ ဦးက ကြံစည်ခဲ့ပုံရပေမယ့် နိုင်ငံတကာအကြမ်းဖက် အုပ်စုရဲ့ လက်ချက် ဟုတ်ပုံမရဘူးလို့ ထိုင်း အရာရှိတွေကပြောပါတယ်။ တရုတ် ခရီးသွားတွေနဲ့ ကမ္ဘာလှည့် ခရီးသည်တွေကြားရေပန်းစားတဲ့ ဒီဘုရားမှာ တနင်္လာနေ့ကဖြစ်တဲ့ ဗုံးခွဲ တိုက်ခိုက်မှုဟာ တရုတ်လူမျိုးတွေကို ဦးတည်တိုက်ခိုက်တာမဟုတ်ဘူးလို့လည်း လက်ရှိ ထိုင်းစစ်အစိုးရပြောခွင့်ရသူ ဗိုလ်မှုးကြီး ဝှစ်ထိုင်း ဆူဗာရီက ကြာသပတေးနေ့က ရုပ်မြင်သံကြားထုတ်ပြန်ချက်မှာပြောသွားတာပါ။

လူ၂၂ ဦးသေဆုံးပြီး ရာနဲ့ချီဒဏ်ရာရသွားခဲ့တဲ့ ဒီတိုက်ခိုက်မှုအတွက် လူ၁၀ ယောက်လောက်က ပါဝင်ပတ်သက်ခဲ့တယ်လို့ ထိုင်းရဲချုပ် ဆွန်ယွတ် ပွန်ပန်မောဝ် ကပြောပါတယ်။ ဒီဗုံးခွဲတိုက်ခိုက်ဖို့ တလနီးပါး ကြိုတင်ကြံစည်ခဲ့ပုံ ရတယ်လို့လည်းသူကဆိုပါတယ်။

Erawan ဘုရား ဗုံးခွဲတိုက်ခိုက်ခဲ့သူလို့ယုံကြည်တဲ့ဆံပင်အနက်ရောင်၊ မုတ်ဆိတ်မွေးအနည်းငယ်နဲ့ ပလပ်စတစ်ကိုင်း မျက်မှန်အဝိုင်းတပ် ထားတဲ့လူငယ်တယောက်ရဲ့ပုံကြမ်းကို ရဲဘက်က ဖော်ပြထားတာပါ။ သူ့ရဲ့ ပုံကြမ်းကို ထိုင်းအစိုးရက မနေ့ကထုတ်ပြန်လိုက်ပြီးဆုကြေးငွေ ဒေါ်လာ ၂ သောင်း ၈ထောင်ထုတ်လိုက်ပါတယ်။ အရပ်ရှည်ပြီး ပိန်သွယ်တဲ့အဲ့ဒီလူငယ်ဟာ အဝါရောင်တီရှပ်ကိုဝတ်ဆင်ထားပြီးသူလွယ်လာတဲ့ ကျောပိုးအိတ်ကို ဗုံးကွဲတဲ့ဘုရားအနီးက ခုံတန်းတခုပေါ်မှာ ဗုံးမကွဲခင်အချိန်မှာဘဲ ချန်ထားခဲ့တာကို လုံခြုံရေးကင်မရာမှာတွေ့ရပါတယ်။

လုံခြုံရေးကင်မရာထဲမှာတွေ့ရတဲ့အနီရောင်နဲ့ အဖြူရောင်တီရှပ်တွေ ဝတ်ထားတဲ့ အခြားလူ၂ ယောက် လည်း တိုက်ခိုက်မှုရဲ့ သံသယရှိသူတွေဖြစ်တယ်လို့ ထိုင်းအရာရှိတွေကပြောပါတယ်။ ဒီလူတွေကို ခြေရာခံဖမ်းမိ နိုင်အောင် အင်တာပိုရဲ့အကူအညီကို ထိုင်းအစိုးရက တောင်းခံသွားမယ်လို့ ဗိုလ်မှုးကြီး အပီချတ် ဆူရီဘွန်မ် ယာ ကပြင်သစ်သတင်းဌာနကို ကြာသပတေးနေ့ကပြောပါတယ်။

XS
SM
MD
LG